Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၆

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)အား ဇူလိုင်လ(၁၅)ရက်နေ့ မွန်းလွဲ ပိုင်းက ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်တို့သည် ပင်လယ်နှင့်ဆက်စပ်လျက်ရှိပြီး ခေါင်းလောင်းပုံ (Bell-Mouth)အတွင်း ကျရောက်လျက်ရှိ၍ မိုးတွင်းကာလ စစ်တောင်းမြစ်ရေ တိုက်စားခံရသည့်အပြင် ပင်လယ်ဒီရေသက်ရောက်ပြီး မြစ်ကမ်းပါး ပြိုကျမှုများကြောင့် လယ်မြေများ၊ ရွာမြေများ ပျက်စီးဆုံးရှုံး လျက်ရှိကြောင်း၊ ဒီအခြေအနေကို ကာကွယ်နိုင်ရန်အတွက် ဝါးတိုင်စိုက်လှိုင်းကာရေကာနှင့် ဝါးတိုင်စိုက် ရေလွှဲရေကာ လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပြီး သဘာဝနည်းဖြင့် ကာကွယ်နိုင်ရေး ဒီရေတော စိုက်ပျိုးခြင်းများလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဒီရေတောများ ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို ဒေသခံများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒီရေတောများ အောင်မြင်ဖြစ်ထွန်း လာပါက ဂေဟစနစ်အမျိုးမျိုးနှင့် လူမှုဘဝများတွင် လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် အခြားလုပ်ငန်းနယ်ပယ် အသီးသီးအတွက် အကျိုးကျေးဇူးများကို အခြေခံကျကျ အထောက်အကူပြုပေးနိုင်မှာဖြစ်ကြောင်း၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတ ကာကွယ်ထိန်းသိမ်းခြင်း ဆိုင်ရာလုပ်ငန်းများ၊ ပင်လယ်ရေထုညစ်ညမ်းမှု ကင်းစင်ရေးနှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက်ဆောင် ရွက်သွားရန် ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက ပဲခူးတိုင်း ဒေသကြီး ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဖေချစ်မှ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ အစည်းဝေးဆုံးချက်များနှင့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်း ကော်မတီတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ပဲခူးတို်ငးဒေသကြီးနှင့်သက်ဆိုင်သည့် လုပ်ငန်းဆောင်ရွက်ပြီးစီး မှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီနှင့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းကော်မတီ အစည်း အဝေးများသို့ တင်ပြရမည့် တင်ပြချက်များပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဆုံးဖြတ်အတည်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။