Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၃
==============

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့က ဂုဏ်ပြုအမှာစကားပြောကြားသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးခင်ရီမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးအေးမောင်ကြည်၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်နှင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေကျပ်သိန်း(၂၀)အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပန်းခင်းစီမံချက်တွင် ထူးထူးချွန်ချွန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ပေါက်ခေါင်းမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးဦးထွန်းမြင့်ဦးနှင့် ဒိုက်ဦးမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဦးရဲဇာနည်အောင်တို့အား ရာထူးတစ်ဆင့်တိုး ပေးခြင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အမှတ်(၇၇)‌ခြေမြန်တပ်မ ဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးထံသို့ e-IDလုပ်ငန်း‌ ဆောင်ရွက်ရန် ကွန်ပျူတာ(၂၈)စုံ အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးတို့ထံ ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့က ပြည်ခရိုင်၊ သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ ခရိုင်ဦးစီးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြပြီး ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်ပွဲ video clipပြသကြည့်ရှုကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ တေးသီချင်းဖြင့်လည်းကောင်း၊ ကြိုလင့်နေမည် ပဲခူးတိုင်းဌာနေ တေးသီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေကြပြီး အခမ်းအနား ပထမပိုင်း ရုတ်သိမ်းခဲ့သည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကျင်းပပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးတို့က e-ID အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့အထိ (၁၈)လကြာကာလသတ်မှတ်၍ နိုင်ငံနှင့်အဝန်းဆောင်ရွက်ပေးလျှက်ရှိရာ ပဲခူးတိုင်းဒေသကြီးသည် သတ်မှတ်ကာလမတိုင်မီ (၉)လတာကာလအတွင်း ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ရန် (၁၅၉၅၇၆)ဦး ဖြစ်သော်လည်း Stay At Home ကာလညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ရောဂါ မပြန့်ပွားရေးအတွက် ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များနှင့် အခြားသော အခက်အခဲများကြားမှ စီမံချက်စတင်သည်မှ(၉)လတာကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၆၄၂၉၆)ဦး၊ အိမ်ထောင်စု (၃၆၄၈၄)စု ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် မြန်မာတစ်နိုင်ငံလုံးမှာ ပဲခူးတိုင်းဒေသကြီးသည် ပန်းခင်းစီမံချက် ပထမဦးဆုံးအောင်မြင် ပြီးမြောက်သော တိုင်းဒေသကြီးဖြစ်ကြောင်း သတင်းရရှိသည်။