Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး ဧပြီ ၁၇

       ၁၃၈၇ခုနှစ် ပဲခူးတိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဧပြီလ (၁၆)ရက်နေ့ ညနေပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

          ရှေးဦးစွာ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအား ဆုချီးမြင့်ခြင်းပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့က ပထမဆုရရှိသော ဘုရားကြီးမြို့ကိုယ်စားပြု အတာတန်ခူးမေ သံသာထွဋ်ဇေယိမ်းအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့တို့အား ချီးမြှင့်ငွေကျပ် (၂၅)သိန်းစီနှင့် တံခွန်စိုက်ဆုဖလားတို့ကိုအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ဒိုင်အဖွဲ့၊ အနုပညာရှင်များအား ဂုဏ်ပြုငွေ နှင့် ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

      ထို့နောက် ဒုတိယဆုရရှိသော နွေဦးမဒီယိမ်းအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကိုယ်စားပြု ဟင်္သာဌာနေ ရဲပျိုမေယိမ်းအဖွဲ့တို့အား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီးတို့က ချီးမြှင့်ငွေကျပ် (၂၀)သိန်းနှင့် ဆုတံဆိပ်တို့ကို ပေးအပ်ချီးမြှင့်ကြပြီး ပူးတွဲတတိယဆုရရှိသည့် ညောင်အင်းပိတောက်ပျိုမေ ယိမ်းအဖွဲ့နှင့် ပိတောက်ရွှေဝါယိမ်းအဖွဲ့ တို့အား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တတိယဆုရရှိသည့် နှစ်သစ်ပျိုမေယိမ်းအဖွဲ့အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီးတို့က ချီးမြှင့် ငွေကျပ်(၁၅)သိန်းစီနှင့် ဆုတံဆိပ်တို့ကို ပေးအပ်ချီးမြှင့်သည်။

       ယင်းနောက် နှစ်သိမ့်ဆုရရှိသည့်ယိမ်းအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးတို့က ဂုဏ်ပြုဆုငွေကျပ်(၇)သိန်းစီကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

           ဆက်လက်၍ ပထမဆုရရှိသော ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသ ကြီး အဆင့်ဌာန ဆိုင်ရာများ၊ သင်္ကြန်ချစ်သူပြည်သူများက ကြည့်ရှု့အားပေးခဲ့ကြသည်။

            ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ၁၃၈၇ ခုနှစ် မြန်မာ့ ရိုးရာမဟာ သင်္ကြန်ပွဲတော်ပိတ်ပွဲ နှုတ်ခွန်းဆက်မင်္ဂလာစကားပြောကြားပြီး ဖျော်ဖြေရေးအဖွဲ့ဝင်အားလုံးမှ “မန်းတောင်ရိပ်ခို (မြနန္ဒာ)၊ နှုတ်ခွန်းဆက်ပါတယ်”သီချင်းများဖြင့် သီဆိုကပြ၍ ဗဟိုမဏ္ဍပ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ ပဲခူးသင်္ကြန်ပွဲတော်သို့ လာရောက်လည်ပတ်ကြသည့် သင်္ကြန်ချစ်သူများအတွက်  ခေတ်ပေါ်တီးဝိုင်း Music Band နှင့် တွဲဖက်၍ နိုင်ငံကျော်တေးသံရှင်များမှ ညဉ့်နက်သည့်အချိန်ထိ တေးသီချင်းများဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ကြကြောင်း သတင်းရရှိသည်။