Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့်တက္ကသိုလ်များ အသက်(၂၃)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့်တက္ကသိုလ်များ အသက်(၂၃)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူး သြဂုတ် ၂၇

      ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၃)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသတွင်း အသက်အရွယ်အလိုက် ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လက်ရွေးစင်အဆင့်မှသည် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် မွေးထုတ်ပေးနိုင်ရေးနှင့် မြန်မာ့ပိုက်ကျော်ခြင်း အားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေးနှင့် လူငယ်သွေးသစ် ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ယခုလို ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲများမှတစ်ဆင့် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပြိုင်ပွဲဝင် အားကစား သမားများအနေဖြင့် မိမိတို့၏ ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲတိုင်းတွင် အမြင့်ဆုံးအဆင့်ထိ မျှော်မှန်းကြိုးစား ယှဉ်ပြိုင်သွားကြရမှာဖြစ်ကြောင်း၊ အားကစားနည်းအလိုက် အောင်မြင်မှုများသည် မိမိ နိုင်ငံ၊ မိမိလူမျိုးတို့ရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်မြင့်မားမှုကို ထင်ဟပ်ဖော်ညွှန်းခြင်း ပင်ဖြစ်ကြောင်း၊ အနိုင်အရှုံးသည် သာမည၊ ယှဉ်ပြိုင်ခြင်းသည် အဓိကဆိုတဲ့ အားကစားစိတ်ဓါတ်ကိုလည်း အမြဲထားရှိကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆို အလေးပြု ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲအသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက ပဲခူးတက္ကသိုလ်အသင်းနှင့် နတ်တလင်းခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှု့အားပေးခဲ့ကြသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအား သြဂုတ်လ(၂၇)ရက်နေ့မှ(၂၉)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်ကိုယ်စားပြု ပြိုင်ပွဲအသင်း(၆)သင်း၊ တက္ကသိုလ်များကိုယ်စားပြု ပြိုင်ပွဲဝင်အသင်း(၅)သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အသင်း(၁၁)ပါဝင်ကာ အုပ်စု(၄)အုပ်စုခွဲ၍ ပတ်လည်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။