Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်

တောင်ငူ စက်တင်ဘာ ၉

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနိုင်ရေး ကွင်းဆင်း ကြည့်ရှုဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ တောင်ငူမြို့ခရီးစဉ်အတွင်း လမ်းညွှန် မှာကြားချက်များနှင့်ပတ်သက်၍ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးနှင့် တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူး တို့မှ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ကေတုမတီရှေးဟောင်း ကျုံး၊ ယိုးဒယားပေါက်သို့ ရောက်ရှိခဲ့ပြီး ကျုံးပတ်လမ်း သန့်ရှင်းသာယာလှပမှုရှိစေရေး၊ လမ်းမီးများ ပြန်လည်ကောင်းမွန်စေရေး ပြင်ဆင်ရန်နှင့် မြေယာရှုခင်းအလှများ ပြန်လည်ဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကေတုမတီ မြို့ဟောင်းတည်ဆောက်ရာတွင် မြို့တံခါး(၂၀)ပေါက်၊ သိမ်ကျောင်း(၂၀)ခုရှိပြီး ယခုအခါ သိမ်ကျောင်း နေရာ(၁၁)ခုသာ ပြန်လည်ဖော်ထုတ်နိုင်မှုနှင့်ပတ်သက်၍ ကြာနီကန်ပရိယတ္ထိစာသင်တိုက်အတွင်းရှိ မဟာပရက္ခမသိမ်နေရာ ကျောက်ပန္နက်တိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကြာနီကန်ကျောင်း ပဓာနနာယကဆရာတော်များ ဖူးမြော်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကာ လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်အောင်မြင်တံခါး(ခ)မင်္ဂလာတံခါးပေါက် သို့ ရောက်ရှိခဲ့ပြီး ကျုံးအတွင်းပတ်လမ်း ဖောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျုံး အတွင်းပတ်လမ်းတစ်လျှောက် ဂဝံမြေနီလမ်းခင်းခြင်းများ ဆောင်ရွက်နိုင်ရေးနှင့် ကျုံးအတွင်း ပတ်လမ်း အား အမြန်ဆုံးပြီးနိုင်ရေးနှင့် လမ်းဧရိယာအတွင်း မလွတ်ကင်းသည့် လမ်းမီးတိုင်များနှင့် သစ်ပင်များ ရွေ့ပြောင်းနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် စင်တံခါးပေါက် အနီးရှိ ကျုံးရေ ပြင်မှ ဗေဒါပင်များဆယ်ယူနေမှုလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျုံးအတွင်း ရေဝင် ရေထွက် ကောင်းမွန်မှုရှိစေရေး၊ ရေခန်းခြောက်မှုမရှိစေရေး အခြားရေအရင်းမြစ်များရှာဖွေ၍ ရေဖြည့်သွင်း ခြင်းများ ဆောင်ရွက်သွားရန်၊ ကျုံးအတွင်း ဗေဒါပင်များအား ဒေသဝက်မွေးမြူရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ တိရစ္ဆာန် အစာအဖြစ် အသုံးပြုနိုင်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ပြီး ကေတုမတီ ရှေးဟောင်းကျုံးပတ်လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာ အုပ်စုရှိ  တောင်သူဒေါ်ခင်ငြိမ်း၏ မိုးစပါးစိုက်ဧကများ သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာရောစပ် ကြဲပတ် နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မိုးစပါးနှင့် နွေစပါးအပြင် ကြားသီးနှံအဖြစ် ပဲတီစိမ်းထပ်မံစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။