Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများအား ထောက်ပံ့ ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများအား ထောက်ပံ့ ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၂၅

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၂၅) ရက်နေ့၊ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများအား ထောက်ပံ့ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ဆေးရုံခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြား ခဲ့ကာ တာဝန်ထမ်းဆောင်ရင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကျန်းမာရေးဝန်ထမ်း (၇၅၇)ဦး၊ Volunteer (၁၃၆)ဦးတို့အတွက် တစ်ဦးလျှင်ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၈၉၃)သိန်းအားလည်းကောင်း၊ အဟာရဖြည့်စွက်စာအဖြစ် ကြက်ဥအလုံးရေ(၂၀၀၀) အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း၌ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တည်ဆောက်ခဲ့သည့် Oxygen Plant Filling System မှ အောက်စီဂျင်များ အိုးအတွင်းထည့်သွင်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးမသုတ်ရသေးသော အောက်စီဂျင်အိုးများ ဆက်လက်ဆေးသုတ် အမှတ်အသားသတ်မှတ်၍ ပိုးသတ်သယ်ယူစေရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ စက်ရုံလုံခြုံရေး၊ လေဝင်/လေထွက် ကောင်းမွန်မှုရှိစေရေးနှင့် အောက်စီဂျင်လိုအပ်သည့် ခရိုင်/မြို့နယ် ဆေးရုံများသို့ အချိန်မီဖြန့်ဝေပေးပို့သွားနိုင်ရေး လမ်းညွှန်မှာ ကြားခဲ့ပြီး အောက်စီဂျင်ထုတ်လုပ်နေသည့် တည်ဆောက်ပြီး Liquid Oxygen Station အတွက် Liquid Oxygen များ ထပ်မံဖြည့်သွင်းနိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဆေးရုံဝန်းအတွင်း အောင်သုခ ဆေးရုံတိုးချဲ့ဆောင် အဆောက်အဦ ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် အမြန်ဆုံးဆောက်လုပ်ပြီးစီးနိုင်ရေး တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပဲခူးမြို့တွင်းလမ်းများဖြစ်သည့် ရုံးကြီးရပ်ကွက်၊ တပင်ရွှေထီးလမ်း နိုင်လွန် ကတ္တရာခင်းနေမှုအားလည်းကောင်း၊ (၃၃)လမ်းနှင့် ဟင်္သာလမ်း ကွန်ကရစ်ခင်းခြင်း၊ အုတ်ရေမြောင်းနှင့် ပလက်ဖောင်းပြုလုပ်နေမှုအားလည်းကောင်း၊ (၃၁)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လမ်းအရည်အသွေး ကောင်းမွန်ပြီး သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ရေစီးဆင်းမှု ကောင်းမွန်စေရန်၊ လူသွားလမ်း ပလက်ဖောင်းများ အုတ်ကွက်ဖော်ခင်းရန်နှင့် လမ်းအင်္ဂါရပ်နှင့်အညီ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်သွားရန် မှာကြားခဲ့သည်။

          ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ လိပ်ပြာကန်သို့ ရောက်ရှိခဲ့ပြီး လိပ်ပြာကန်သည် အများပြည်သူ လာရောက်အပန်းဖြေသောနေရာဖြစ်သဖြင့် လိပ်ပြာကန်ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေး စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရန်၊ လမ်းဘေးပန်းခုံများအား အသစ်ပြန်လည်ပြုပြင် ဆောင်ရွက်ရန်နှင့် သစ်ပင်များအောက်၌ အပန်းဖြေထိုင်ခုံများထားရှိသွားရန်  တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။