Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပဲခူး နိုဝင်ဘာ ၂

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်မြို့နယ်၊ ဝဲဝန်းကျေးရွာ အုပ်စု၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခဲ့သည့် တစ်ကွင်းတစ်ဆက်တည်း ဆင်းသုခ မိုးစပါး(၂၅၈) ဧက ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တစ်နွေစပါး(၂)သီး စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေရှိရေး ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံအား ပေးစကားပြောကြားခဲ့ပြီး တပ်ဖွဲ့ဝင်များအတွက် အခြေခံစားသုံးကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဒိုက်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဖအောင်ဝဲလမ်းရှိ မဝေသီမွန် ရေချိုငါးရံ့ခြောက်၊ ငါး၊ ပုဇွန်၊ ငါးပိရောင်းဝယ်ရေးလုပ်ငန်းသို့ရောက်ရှိခဲ့ပြီး ငါးခြောက်မျိုးစုံ ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ထုပ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ရန်၊ တာရှည်ခံ ဓာတုဆေးများ သုံးစွဲမှုမရှိစေရေး၊ အစားအစာဘေးကင်းလုံခြုံရေး၊ FDA ထောက်ခံချက်ရရှိရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့၊ ဒေါ်ခင်မြင့်မြင့်စာကြည့်တိုက်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး စာကြည့်တိုက်အတွင်းရှိ ပြည်တွင်း/ပြည်ပ စာအုပ်စာဆောင်များ လေ့လာနိုင်သည့် e-Library System သုံး ကွန်ပျူတာများ ပြန်လည်ပြင်ဆင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး စာကြည့်အတွင်း သုတ/ရသ စာအုပ်စာဆောင်များ ဝယ်ယူနိုင်ရေး ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၅၇၃၀)သန်းဖြင့် တည်ဆောက်လျက်ရှိသော ဒိုက်ဦးမြို့၊ (၂)ထပ်မီးသတ်စခန်းနှင့် ဂါလံ(၂၀၀၀၀)ဆံ့ မြေအောက်ရေသိုလှောင်ကန် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းစဉ် တစ်ခုချင်းအလိုက် မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီမှ အနီးကပ်ကြီးကြပ်စစ်ဆေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဒိုက်ဦးမြို့၊ ပျဉ်းမလွင် ကျေးရွာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်စွမ်းတိုးတက်စေရေး လမ်းညွှန်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ အစီအစဉ်ဖြင့် နွေစပါး(၂)သီး စိုက်ပျိုးနိုင်ရေး သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် ပျဉ်းမလွင်ကျေးရွာအုပ်စု၌ ဆောင်းသီးနှံစိုက်ပျိုးနိုင်မှုမရှိသော စိုက်ပျိုး‌ဧက (၅၀၀)၌ တစ်နွေစပါး (၂)သီးပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး Seeding Machine ဖြင့် ပျိုးဗန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး နွေစပါးစိုက်ရာသီအတွင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။