ရွှေတောင် နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း သီးထပ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ ကျွန်းတန်းကုန်း ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၉၀) ဆောင်းမြေပဲအထူးဇုန်သို့ သွားရောက်ခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင် ရေးနှင့် သီးထပ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး အကျယ်တဝံ့ရှင်းလင်းပြောကြား ခဲ့သည်။ ၎င်းနောက် မြေပဲစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပဲစိုက်ခင်းများတွင် ပဲဇဉ်းငုံ သီးညှပ်ထည့်သွင်း စိုက်ပျိုးရန်၊ တစ်နှစ်(၂)သီးသာ စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများအား နွေရာသီတွင် မြေလှပ်ထားမှုမရှိစေရေး စိုက်ပျိုးရေရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ ရွှေတောင်- ရွှေနတ်တောင်လမ်းပေါ်ရှိ မယားမာန်တံတား အရှည်(၈၀)ပေ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေး၊ တံတားကမ်းကပ်ခုံများ ရေတိုက် စားမှုမရှိစေရေးနှင့် တံတားတည်ဆောက်ခြင်းကြောင့် ရေစီးရေလာအတွက် အဟန့်အတားမဖြစ် စေရေး စနစ်တကျတည်ဆောက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ များပါဝင်သော စပါးမျိုးရွေးချယ်ခြင်းလုပ်ငန်း မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စပါးမျိုး(၁၂)မျိုး စိုက်ပျိုးထားရှိ မှုအား ကွင်းဆင်းကြည့်ရှုခဲ့အားပေးခဲ့ပြီး တောင်သူများအား ခေါ်ယူ၍ စပါးမျိုးအလိုက် စိုက်ပျိုးနည်း စနစ်များအား ရှင်းလင်းပြသပေးရန်နှင့် ရိတ်သိမ်းချိန်ရောက်ရှိပါက စပါးမျိုးအလိုက် အထွက်တင်းနှုန်း ကွာခြားချက်များအား တောင်သူများ လက်တွေ့သိမြင်နိုင်ရေး ဆောင်ရွက်သွားရန်၊ စပါးမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်များအပြင် စိုက်နည်းစနစ် ယှဉ်ပြိုင်စမ်းသပ်ကွက်များလည်း ဖော်ထုတ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ မိုးလုံလေလုံအားကစားရုံ၌ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစား ပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းအားကစားနည်း စခန်းသွင်းလေ့ကျင်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ အားကစားသမားများအတွက် အာဟာရ ဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။