Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

သာယာဝတီ ဇန်နဝါရီ ၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကျေးရွာ အုပ်စု၌ တစ်ကွင်းဆက်တည်း နွေစပါးဧက(၅၀)  မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်မှသာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်၍ နွေစပါး(၂)သီး ရရှိနိုင်ရေး ကြိုတင်ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးသွားရန်၊ သဘာဝမြေဩဇာနှင့် တွဲဖက်သုံးစွဲသွားရန်နှင့် စိုက်ပျိုးရေအား စနစ်တကျ အကျိုးရှိရှိ သုံးစွဲသွားရန် လမ်းညွန်ပြောကြားခဲ့ပြီး ဒေသခံတောင်သူများအတွက် သွင်းအားစုများ ထောက်ပံ့ ပေးအပ် ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ အုန်းတောစုကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးလာလူး၏ နို့စားနွားကောင်ရေ(၆၅)ကောင် မွေးမြူထားရှိမှုနှင့် တစ်ရက်လျှင် နွားနို့ပိဿာ(၁၆၀)ကျော် ထွက်ရှိပြီး ဒိန်ချဉ်နှင့် ပူတင်းထုတ်လုပ်ထားရှိမှုတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး နို့စားနွားအပြင် ဒေသနွားများကိုလည်း ခြံလှောင်စနစ်ဖြင့် တိုးချဲ့မွေးမြူသွားရန်၊ တိရစ္ဆာန် အစာအတွက် နေဗီယာမြက်အား စိုက်ပျိုးသွားရန်၊ ပြည်ပသွင်းကုန်အစားထိုး နို့ဆီ၊ နို့စိမ်းများ တိုးမြှင့်ထုတ် လုပ်သွားရန်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေဩဇာ ထုတ်လုပ်သွားရန်နှင့် မွေးမြူရေးလုပ်ငန်းရှင်များ ကိုယ်တိုင် မေထုန်မဲ့ သားစပ်ခြင်းများဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီပေးရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။