Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ညောင်လေးပင် ဇန်နဝါရီ ၁၄

        ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ (၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်မြို့နယ်၊ ဝဲဝန်းကျေးရွာအုပ်စု၊ ဘိုင်းဒါးကျေးရွာ၌  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဘိုင်းဒါးချောင်းပေါ် တွင် သဘာဝရေစီးအားသုံး ရေတင်စနစ် (Water Wheel) အသုံးပြု၍ ဟင်းသီးဟင်းရွက် အမယ်စုံစိုက်ခင်း ဧက(၅၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးရေအား အကျိုးရှိရှိ စနစ်တကျသုံးစွဲရန်၊ ဟင်းသီးဟင်းရွက် စွန့်ပစ်ပစ္စည်းများဖြင့် တိရစ္ဆာန်အစာနှင့် သဘာဝမြေဩဇာအဖြစ် ပြန်လည်သုံးစွဲကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

                ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်၊ စံတွင်းကုန်း ကျေးရွာရှိ တစ်ကွင်းတစ်ဆက်တည်း ပဲတီစိမ်းစံပြစိုက်ခင်း(၂၅၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သီးနှံစိုက်စွမ်းအားနှင့် သီးထပ်စွမ်းအား တိုးတက်မှသာ တောင်သူများ၏ လူမှုစီးပွါးဘဝ ဖွံ့ဖြိုးတိုးတက်မှာဖြစ်၍ မြေလပ်မရှိစိုက်ပျိုးသွားရန်နှင့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ စဉ်ဆက်မပြတ် ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဦးဝင်းဌေး၏ ကာကီကင်းဘဲကောင်ရေ(၁၀၀၀)နှင့် ဒေသကြက်ကောင်ရေ(၃၀၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး အသားစားသုံးမှုဖူလုံစေရေး ဒေသဆိတ်နှင့် ဒေသနွားထပ်မံတိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဘိုင်းဒါးကျေးရွာရှိဟင်းသီးဟင်းရွက် ကုန်စိမ်းဒိုင် များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဟင်းသီးဟင်းရွက်များ စားသုံးသူထံ လတ်ဆတ်စွာ အမြန်ဆုံး ရောက်ရှိစေရေး၊ သယ်ယူပို့ဆောင်မှု ကြန့်ကြာမှုမရှိစေရေးနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ အရောင်းဆိုင်များတွင် လက်လီအဆင့်ဆင့်မရှိဘဲ ကုန်စည်ဒိုင်စျေးအတိုင်း ရောင်းချနိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးခဲ့သည်။

               ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဘိုင်းဒါးကျေးရွာရှိ MSMEs လုပ်ငန်းရှင် ဦးအောင်မျိုး၏ ဖိုးရွှေလ မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း ပို့ကုန် အဆင့်တွင်ရပ်မနေဘဲ ပြည်ပပို့ကုန်အဆင့် မျှော်မှန်းဆောင်ရွက်ရန်၊ ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ရန်၊ အစားအစာ ထုတ်လုပ်မှု ဘေးကင်းလုံခြုံရန်နှင့် FDA ထောက်ခံချက်ရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။