Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး

နတ်တလင်း ဇန်နဝါရီ ၁၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက နတ်တလင်း ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့နယ်၊ ပွတ်စုကျေးရွာ အုပ်စု၌ ဆောင်းသီးနှံ မတ်ပဲ(၁၀၀)ဧက စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုနှင့် အသီးအပွင့်အားဆေး စုပေါင်းဖြန်းပတ်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သွင်းအားစုများ သုံးစွဲရာတွင် လိုအပ်သည့်ပမာဏသာ အချိန်ကိုက်သုံးစွဲကြရန်၊ ပိုးမွှားကျရောက်မှုမရှိစေရေး လယ်ကန်သင်းပေါင်များရှိ ခြုံများအား စုပေါင်းရှင်းလင်းရန်၊ တစ်ကွင်းတစ်ဆက်တည်း ဧကများများ တစ်မျိုးတည်းစိုက်ပျိုးခြင်းအားဖြင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖန်တီးပေး ခြင်းဖြစ်ကာ ဒေသတစ်ခု ထုတ်ကုန်တစ်ခုအဖြစ် ခိုင်မာသည့်ဈေးကွက်များ ရရှိလာနိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျွန်းကတုတ်ကျေးရွာ၌ မတ်ပဲမျိုး ယှဉ်ပြိုင်စမ်းသပ် ကွက် ရေဆင်း(၅)၊ ရေဆင်း(၇)၊ TBL-9 စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး မတ်ပဲမျိုးအလိုက် အပင်သန်စွမ်းမှု၊ အဖူးအပွင့်ကောင်းမွန်မှု၊ အသီးအတောင့် အရေအတွက် များပြားမှု၊ တစ်ဧက အထွက်နှုန်း တင်း အရေအတွက်၊ အသုံးစွဲရသည့် သွင်းအားစုတန်ဖိုး စသည့်တို့အား မတ်ပဲမျိုးအလိုက် ဆိုင်းဘုတ် များစိုက်ထူခြင်းအပြင် ဒေသခံတောင်သူများကိုလည်း ခေါ်ယူပြသ အသိပညာပေးသွားရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောက်လုပ် ခဲ့သည့် ဒေသထွက်ကုန်စိမ်းဒိုင်နေရာဖြစ်သည့် နတ်တလင်းမြို့၊ အေးငြိမ်သာဈေးသို့ ရောက်ရှိခဲ့ပြီး ဈေးအဆောင်များ တိုးချဲ့ဆောက်လုပ်နိုင်ရေး၊ ဈေးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ကုန်စိမ်းဈေးဖြစ်၍ အသီးအရွက်စွန့်ပစ်ပစ္စည်းများအား တိရစ္ဆာန်အစာနှင့် သဘာဝမြေဩဇာ ထုတ်လုပ် နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ နတ်တလင်းမြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၌ မွေးမြူရေးလုပ်ငန်းရှင် ဦးကျော်နိုင်၏ အသားတိုးဘဲကောင်ရေ(၅၀၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများအား အခြေခံ၍ တိရစ္ဆာန်အစာ ထုတ်လုပ်သုံးစွဲရန်နှင့် ဒေသအလိုက် အသား/ငါး/ဥ ဖူလုံမှုရှိစေရေး မွေးမြူရေး လုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသူ လုပ်ငန်းရှင်အသစ်များ ဖော်ထုတ်စည်းရုံး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် နတ်ပုတီးကျေးရွာ၌ ဆောင်းသီးနှံ မတ်ပဲ(၁၅၀)ဧက စံပြကွက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ သီးထပ်စွမ်းအား တိုးတက် ခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများနှင့် မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးခြင်း၏ ဝင်ငွေ ရလဒ်များအပေါ် အကျယ်တစ်ဝင့် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။