ပန်းတောင်း ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပန်းတောင်းတပ်နယ်မှူးနှင့်အတူ ပြည်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဧရာဝတီ မြစ်ရေဖြင့် နွေစပါး(၁၀၀)ဧက စိုက်ပျိုးထားသည့် သူရဲတန်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်စွမ်းအား တိုးတက်စေရေးနှင့် တောင်သူ များ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကြိုတင်ပျိုးထောင်စနစ်ဖြင့် တစ်နှစ်နွေစပါး(၂)သီး စိုက်ပျိုးနိုင်ရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတောင်းမြို့နယ်၊ သူရဲတန်းကျေးရွာအုပ်စု၌ ပုသိမ်- မုံရွာကားလမ်းမှ ကျားကိုက်-သူရဲတန်းလမ်း အရှည်(၁)မိုင် ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပုခုံးသားများ အမာခံရရှိအောင် ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန် စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေးနှင့် လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရပြီး စားသုံး၍ရသည့် သီးပင် စားပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကျားတိုက်ကျေးရွာသို့ ရောက်ရှိခဲ့ရာ စိုက်ပျိုးရေးတာဝန်ရှိသူတစ်ဦးက ပဲကြီးကျေးရွာအုပ်စု၊ သူရဲတန်းကျေးရွာအုပ်စုနှင့် ထိပ်ပေါက် ကျေးရွာအုပ်စုတို့၌ မြေပဲစံပြစိုက်ခင်း(၃၄၉.၅၅)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ရှင်းလင်းတင်ပြ ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများ နှင့်တွေ့ဆုံ၍ မြေပဲစိုက်ပျိုးပြီးပါက ဘောင်ကြီးတင်စနစ်ဖြင့် ဆီထွက်သီးနှံ နှမ်းထပ်မံစိုက်ပျိုးနိုင်ရေးနှင့် ကျားတိုက်ကျေးရွာ ကမ်းပြိုကာကွယ်ရေးတို့အတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲကြီးကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီ အစဉ်ဖြင့် ဇီးကုန်းချောင်း တူးဖော်ပေးခြင်းနှင့်အတူ နှစ်ပေါင်း(၄၀)ကျော် စိုက်ပျိုးမရခဲ့သည့် မြေရိုင်း(၇၀)ဧက ဖော်ထုတ်ရှင်းလင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေးကိုသာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ် ဆောင်ရွက်နေရသည့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးလုပ်ငန်းများ စတင်နိုင်ရေး မြေယာဖော်ထုတ်ခြင်းလုပ်ငန်းများ မြန်မြန်ဆန်ဆန်ဆောင်ရွက်သွားရန်နှင့် ဒေသခံတောင်သူများအနေဖြင့် လည်း မိမိတို့၏ ဖော်ထုတ်ရရှိသည့် မြေယာများအား မြေလပ်မရှိစိုက်ပျိုးသွားရန် လမ်းညွှန်မှာကြားခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပြည်မြို့ MSMEs ဒေသထွက်ကုန်များ အရောင်း စင်တာသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသအလိုက် ဒေသထွက်ကုန်များ မူရင်းဈေးအတိုင်း အမယ်စုံရောင်းချသွားနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ညနေပိုင်း၌ အများပြည်သူ အပန်းဖြေနေရာအဖြစ် တည်ဆောက်ထားသည့် ပြည်မြို့၊ ကမ်းနားလမ်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။