Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၁ ရက်
==============


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော် ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ(၁၁)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးခရိုင်(ခ)အသင်းနှင့် ပြည်ခရိုင်(ခ)အသင်း၊ (၃)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပြည်ခရိုင်(ခ)အသင်းနှင့် တောင်ငူခရိုင်(က)အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ အခြေခံပညာ ကျောင်းသား/သူများက ကြည့်ရှုအားပေးကြ သည်။
ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံပိုက်ကျော်ခြင်း နှင့် ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်မှ ပဲခူးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် ထောက်ပံ့ ငွေကျပ် (၇)သိန်းအား တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးထံသို့လည်း ကောင်း၊ ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၇)သိန်းအား အစိုးရအဖွဲ့ တိုင်းအတွင်းရေးမှူး ဦးအေးမောင်ကြည်ကလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိ သော ပဲခူးခရိုင်(ခ) အသင်းအား တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၃)သိန်းအားလည်းကောင်း၊ ပထမဆုရရှိသော ပြည်ခရိုင်(ခ)အသင်းအား တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းအောင်မှ တစ်ဦးချင်းဆုတံဆိပ်များအားလည်းကောင်း၊ အမျိုးသား(၃) ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တောင်ငူခရိုင်(က)အသင်းအား လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်ု(၄)သိန်းအားလည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည်ခရိုင်(ခ) အသင်းအား လူမှုရေးရာဝန်ကြီး ဦးအောင်မင်းမှ တစ်ဦးချင်း ဆုတံဆိပ်များအားလည်းကောင်း၊ ရိုက်ခုတ်၊ ပင့်ထောင်၊ နောက်ထိန်း၊ (၂)ယောက်တွဲ အကောင်းဆုံး အားကစားသမားဆုရရှိသူများကို သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းမှ ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၅)သောင်းစီကိုလည်းကောင်း အသီးသီးပေး အပ်ချီးမြှင့်ကြသည်။
ယင်းနောက် အမျိုးသား(၂) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆုရရှိသော ပြည်ခရိုင်(ခ) အသင်းကို စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ငွေသားဆုကျပ်(၅)သိန်းနှင့် ဆုဖလားအားလည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည်ခရိုင်(ခ)အသင်းကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ငွေသားဆု(၇)သိန်းကျပ်နှင့် ဆုဖလားအားလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာလ(၈)ရက်နေ့မှ (၁၁)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်မှ ပြိုင်ပွဲဝင်အသင်း (၈)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား (၄၀)ဦးပါဝင်ကာ အုပ်စုပတ်လည်ဖြင့် (၂)ယောက်တွဲပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင် အားကစားကွင်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပွဲကြည့်စင်ဆောက် လုပ်နေခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များ တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။