ပြည် ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် MSMEs လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ ဗိုလ်ချုပ်လမ်းရှိ ဦးအောင်အောင် ၏ “ဒေါ်လာ”မြေပဲဆီသန့် လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး ဆီစက်အား ဆိုလာစနစ်ဖြင့် လည်ပတ်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဆီထွက်နှုန်းတိုးတက်စေရေးနှင့် ဒေသတွင်းစားသုံးမှုသာမက ပြည်ပပို့ကုန်အထိ တိုးမြှင့်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်-အောင်လံကားလမ်း မိုင်တိုင်အမှတ် (၁၀၃/၇)မှ ပြည်-ပေါက်ခေါင်းသွားကားလမ်း(၃/၇)အထိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် သရေခေတ္တရာ ပျူမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဇုန် ရှောင်ကွင်းလမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပြီး လမ်းဧရိယာ ဝဲ/ယာရှိ စိုက်ပျိုးမြေများ ထိခိုက်မှုမရှိစေရေးနှင့် လမ်းဘေးတစ်လျောက် စိုက်ပျိုးမြေ အတွက် ရေပေးမြောင်းများ တစ်ပါတည်း ထည့်သွင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ မြောင်းဆုံ ကျေးရွာအုပ်စု၌ ကျေးရွာသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ (ရေဆင်းစပ်မျိုး-၁) နေကြာ သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်အား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ သီးနှံစိုက်စွမ်းအား၊ သီးထပ်စွမ်းအား တိုးတက်စေရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား အကျယ်တစ်ဝံ့ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာရှိ သရေခေတ္တရာ ပျူမြို့ဟောင်း အတွင်းနန်းတော်ရာ အရှေ့ဘက်နှင့် အနောက်ဘက် ကျုံးပြန်လည်တူးဖော်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျုံးအတွင်း တူးဖော်တွေ့ရှိရသည့် အုတ်ရိုးများနှင့် အထောက်အထားများအပေါ် မူတည်၍ မည်သည့်အဆောက်အဦဖြစ်နိုင်မည်ကို သမိုင်းပညာရှင်များ၊ ရှေးဟောင်းပညာရှင်များဖြင့် စနစ်တကျ စစ်ဆေး၍ မှတ်တမ်းတင်ထားရှိရန်၊ ရှေးယခင်အတိုင်း သဘာဝအတိုင်း ရေစီးဝင်နိုင်ရေး ရေဝင်လမ်းကြောင်းများ ဖော်ထုတ်ထိန်းသိမ်းရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကြက်တူရွေးတောင်ပေါ်၌ ရှုခင်းကြည့်မျှော်စင် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦများ ဆောက်လုပ်ပြီးစီးပါက စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းလုပ်ငန်းများ တစ်ပါတည်း ဆောင်ရွက်သွားရန်နှင့် တောင်တက်လမ်း ကောင်းမွန်မှုရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ကမ်းနားလမ်းရှိ “ကြီးကြီးဝင်း” အမှတ်တံဆိပ်ဖြင့် မုန့်ဟင်းခါးအနှစ်နှင့် SRK အမှတ်တံဆိပ်ဖြင့် အသင့်စားငပိထောင်း ထုတ်လုပ်ရောင်းချ နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်တွင်းဖြန့်ဖြူးမှုသာမက ပြည်ပပို့ကုန်အထိ တင်ပို့နိုင်ရေး ရည်မှန်းဆောင်ရွက်ရန်၊ ထုတ်ပိုးမှုစနစ်များအား သေသပ်ကောင်းမွန်လှပစေရေးနှင့် ထုတ်လုပ်သည့် စားသုံး ကုန်များ နည်းပညာ၊ FDA ထောက်ခံချက်ရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ ကမ်းနားလမ်းနှင့် ဧရာဝတီမြစ်သောင်ပြင်၌ အများပြည်သူ အပန်းဖြေ လမ်းလျှောက်ခြင်းနှင့် ညဈေး၌ စားသောက်ခြင်းများ ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။