Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၂၇

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၌ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ပဲခူးမြို့၌ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အလိုက် သစ်သီးဝလံပန်းမန်ပြခန်းများ၊ လယ်ယာသုံး စက်ကိရိယာအရောင်းပြခန်းများ၊ တောင်သူသရုပ်ပြ ခြံလှောင်စနစ်ဖြင့် ဒေသကြက်၊ ဘဲ၊ ဝက်၊ ဆိတ် မွေးမြူရေးခြံများ တည်ဆောက်နေမှု၊ တိရစ္ဆာန် အစာအဖြစ် အစ္စရေးမြက်ချို(တီကူယံ)နှင့် နေဗီယာမြက် စိုက်ခင်းများ၊ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိသော မျိုးကောင်းမျိုးသန့် စံပြစိုက်ခင်းများဖြစ်သည့် စပါး၊ နေကြာ၊ ပဲအမျိုးမျိုး၊ နှမ်း၊ ပြောင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပြီး စိုက်ခင်းအလိုက် မျိုး၊ စိုက်နည်းစနစ်၊ သွင်းအားစုထည့်သွင်းရမည့်ပုံစံနှင့် ပြုစုစောင့်ရှောက်ရမည့် နည်းလမ်းများအား လာရောက်လေ့လာသည့် တောင်သူများနားလည် သဘောပေါက်လွယ်သော အသိပညာ ပေး ဆိုင်းဘုတ်များစိုက်ထူရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော် ကျင်းပနိုင်ရေး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးအတွင်း ရှိပြီးသား MSME ထုတ်ကုန်များအပြင် အမယ်သစ်ထုတ်ကုန်များလည်း လာရောက်ပြသရောင်းချနိုင်ရေး စီစဉ်သွားရန်နှင့် ဒေသထွက်ကုန်များ ပြတ်လပ်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်း အမှတ်အခမ်းအနားအား ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး အနီး၌ မတ်လ(၁)ရက်နေ့မှစတင်၍ မတ်လ(၂)ရက်နေ့အထိ ပျော်ပွဲရွှင်ပွဲများ၊ တင်မောင်ဆန်းမင်းဝင်း ဦးဆောင်သော “မန်းလင်္ကာဆန်း” ဇာတ်သဘင်ဖြင့် အခမဲ့ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။