ပဲခူး မတ် ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၁၀) မျိုးအနက် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် နွေစပါးအပါအဝင် သီးနှံ(၇)မျိုး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနေပြီဖြစ်ကာ ကျန်ရှိသည့် နှမ်း၊ နေကြာနှင့် ပဲစဉ်းငုံများလည်း ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း မိရိုးဖလာ စိုက်နည်းစနစ်များ၊ မျိုးများအား မဖြစ်မနေ ပြောင်းလဲသွားရမှာဖြစ်ပြီး စိုက်ပျိုးရေ လိုအပ်ချက်ရှိပါက ရေရရှိ နိုင်သည့် အရင်းအမြစ်များကို ဖော်ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ မြို့နယ်များတွင် သီနှံအမျိုးအစားအလိုက် အကွက်ကျယ် စံပြကွက်များ ဖော်ဆောင်ထားပြီးဖြစ်သလို ထွက်ရှိလာသည့် သီးနှံများသည် ပန်းတိုင်အထွက်နှုန်း ရရှိရမှာဖြစ်ကာ တောင်သူများ လာရောက်လေ့လာနိုင်ရန်နှင့် အသိပညာပေးခြင်းကိုလည်း တစ်ပါတည်း ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ နှမ်းစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ပေါင်ကြီးတင် စနစ်ကို မဖြစ်မနေ ပြောင်းလဲစိုက်ပျိုးသွားရမှာဖြစ်ပြီး နှမ်းမှုန်းခြင်းအလေ့အထကို အသိပညာပေးသွားရမှာဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်း တိုးတက် မြင့်မားသည့် မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးနိုင်ရေးနှင့် ဝတ်မှုံကူးမည့် ပျားပုံးများ လုံလောက်စွာရရှိရေး ပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံနှင့်ပတ်သက်၍ ရာသီဥတု၊ မြေအမျိုးအစား သေချာ ရွေးချယ် စိုက်ပျိုးသွားရမှာဖြစ်ကြောင်းနှင့် ပြည်တွင်း/ပြည်ပဈေးကွက်ရှိသည့် ကြက်သွန်နီအား တိုးချဲ့စိုက်ပျိုး သွားရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်အလိုက် မိုးရွာသွန်း မှု၊ နွေ၊ မိုး၊ ဆောင်း သီးနှံစိုက်ပျိုးထွက်ရှိမှု၊ သီးနှံစိုက်စွမ်းအားနှင့် သီးထပ်စွမ်းအား တိုးတက်မှု၊ စံပြကွက်များ ဖော်ဆောင်စိုက်ပျိုးထားရှိမှုနှင့် ပန်းတိုင်အထွက်နှုန်း မရရှိသေးသည့် သီးနှံ(၃)မျိုးအတွက် ပန်းတိုင်အထွက် နှုန်းရရှိရေး စီမံစိုက်ပျိုးဆောင်ရွက်သွားမည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ချေးငွေများ အပြည့်အဝ ပြန်လည်ကောက်ခံရရှိရေးကိုလည်းကောင်း၊ တိုင်း ဒေသကြီးစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက စိုက်ပျိုးရေရရှိရေး၊ သီးနှံအလိုက် တိုးချဲ့ စိုက်ပျိုးနိုင်မှု၊ နေကြာသီးနှံအတွက် လိုအပ်သောပျားပုံးများ ရရှိနိုင်ရေး ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သီးနှံတစ်ခုချင်းအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနိုင်ရေး အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။