သာယာဝတီ မတ် ၂၂
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း)စိုက်ပျိုးရေးကဏ္ဍမြှင့်တင်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအုပ်စု၌ နွေစပါးစံပြကွက် ဧက(၂၀၀) စိုက်ပျိုးအောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ် နွေစပါး(၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ရာသီမပြတ် သီးနှံစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေရရှိရေး ဖြည့်ဆည့်ဆောင်ရွက်းပေးခဲ့ပြီး ကုန်ထုတ်လမ်းတစ်လျောက် သီးပင်စားပင် စိုက်ပျိုးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ချောင်းသုံးခွကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်းဧက(၅၀) နွေနှမ်းပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး စံပြကွက်များဖြစ်၍ ပန်းတိုင်အထွက်နှုန်းထွက်ရှိနိုင်ရေး ဆောင်ရွက်ရန်၊ သဘာဝ ရေစီးအားအသုံးပြု၍ ရေတင်စနစ်အသုံးပြုရန်၊ နှမ်းစိုက်တောင်သူများအား ခေါ်ယူပြသအသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အုတ်ဖိုမြို့နယ်၊ လင်းလွန်းပင်ကျေးရွာအုပ်စု၌ တောင်သူ ဦးကြည်စိုး၏ နွေနှမ်း(၁၀)ဧက ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး နှမ်းစိုက်ဧကများအားလုံးပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးသွားရန်၊ အောင်ရေရရှိရေး ဆောင်ရွက်ပေးရန်၊ ရေသွင်းမြောင်းများ စနစ်တကျ ဆောင်ရွက်ရန်နှင့် စက်မှုလယ်ယာစနစ်အား တွဲဖက် ပြောင်းလဲဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်းအောင်နိုင်တိုးစပါးဧက(၁၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု၊ စုပေါင်းမြေဩဇာ ကြဲပတ်နေမှုနှင့် စပါးမျိုး(၈)မျိုး မျိုးယှဉ်ပြိုင် စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ တွဲဖက်သုံးစွဲရန်၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များအား စိုက်နည်းစနစ်၊ ပင်ပွားနှုန်း၊ အနှံထွက်ရှိမှုနှင့် စပါးအထွက်နှုန်းတို့အား တောင်သူများ ခေါ်ယူပြသအသိ ပညာပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ ရွှေဝါထွန်းကုမ္ပဏီမှ ထုတ်လုပ်လျက် ရှိသည့် အင်ဂျင်ဝိုင်အဟောင်းသုံ မီးဖိုထုတ်လုပ်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည် များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်းပေးခဲ့ကြောင်း သတင်းရရှိသည်။