ပြည် မတ် ၂၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း လယ်ယာကဏ္ဍ အဆင့်မြှင့်တင် ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ ကြို့ရပ်သာကျေးရွာ၌ ဦးအောင်ဇင်မင်း A One Engineering Group မှ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် လူမောင်းနှင်ရွေ့ပြောင်းနိုင်သည့် စပါးနှင့်ပဲ ခြွေလှေ့စက် တည်ဆောက်နေမှုနှင့် လက်တွေ့စမ်းသပ်မောင်နှင်မှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူတစ်ပိုင်တစ်နိုင် လယ်ယာသုံးစက်ကိရိယာများ ဘက်စုံထုတ်လုပ်သွားရန်နှင့် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ တွင်းဗြည်းကျေးရွာအုပ်စု၌ မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်မှသာ တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်၍ တစ်နှစ်(၃)သီး မဖြစ်မနေစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ မှော်စာကျေးရွာ၌ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေလျှံတွင်း (၂၀) တူးဖော်ပေးခဲ့မှုကြောင့် ကြက်သွန်နီ တစ်ကွင်း တစ်ဆက်တည်း ဧက(၂၀၀) စိုက်ပျိုးအောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ကြက်သွန်နီ ပြီးပါက ပဲတီစိမ်း၊ မတ်ပဲစိုက်ပျိုးရန်၊ စိုက်ပျိုးရေအား အကျိုးရှိရှိစနစ်တကျသုံးစွဲရန်နှင့် မြေလပ်မရှိစိုက်ပျိုး ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် သည် လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းတွင် စက်လှေခါး တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သက်ဆိုင်ရာ ဩဝါဒစရိယဆရာတော်ကြီးများအား လုပ်ငန်းဆောင်ရွက် မှုနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် ဩဝါဒခံယူ ဆောင်ရွက်ရန်၊ ယာဉ်ရပ်နားရန်နေရာများ စနစ်တကျ ဆောင်ရွက်သွားရန်နှင့် အဝင်လမ်းချဲ့ခြင်းလုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ ခေတ္တရာဧရာပန်းဥယျာဉ် တိုးချဲ့ အဆင့်မြင့်တင်မည့်နေရာ၊ ဘူးခါးချောင်းရေဆိုးထုတ်မြောင်း ပြန်လည်တူးဖော်နေမှု၊ ကမ်းနားလမ်း တိုးချဲ့ဆောင်ရွက်မည့်နေရာ၊ လူကူးတံတား တည်ဆောက်မည့်နေရာနှင့် View Point တည်ဆောက်မည့် နေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။