ပဲခူး မတ် ၂၉
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၂၈)ရက်နေ့၊ မွန်းတည့် (၁၂:၅၀)အချိန် လှုပ်ခတ်ခဲ့သည် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် လမ်း/တံတားများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ငလျင်ဒဏ်သင့်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရန်ကုန်- မန္တလေး အမြန်လမ်း ၃၂ မိုင် ၆ ဖာလုံမှစ၍ ၁၁၅ မိုင်အထိ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် လမ်း/တံတားများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်း/တံတား ထိခိုက်သည့် နေရာများတွင် ကြိုတင်အသိပေးဘုတ်များ၊ လမ်းညွှန်အမှတ်အသားများ၊ ရောင်ပြန်များတပ်ဆင်သွားရန်၊ လမ်းအသုံးပြုခကောက်ခံရေးဂိတ်များတွင် လမ်း/တံတား အပိုင်းအလိုက် ထိခိုက်သည့်နေရာများ ထုတ်ပြန်ပေးထားရန်၊ တံတားခံနိုင်ဝန်များ ပြန်လည်စိစစ်ရန်၊ လမ်း/တံတား ထိခိုက်ပျက်စီးမှုအား အမြန်ဆုံးပြင်ဆင်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖြူးမြို့ပြည်သူ့ဆေးရုံ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် လုံခြုံရေးတပ်ဖွဲ့များ၊ နိုင်ငံဝန်ထမ်းများ၊ ဒေသခံပြည်သူ စုစုပေါင်း(၂၆)ဦးအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး လူနာတစ်ဦးချင်းစီ၏ ထိခိုက် ဒဏ်ရာရရှိမှု၊ ကုသထားရှိမှုနှင့် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာမှုများအား မေးမြန်းခဲ့ပြီး အာဟာရဖြည့်စွက်စာများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့၊ ရန်ကုန် မန္တလေး အမြန်လမ်း ၁၅၅ မိုင်မှ ၁၅၄မိုင်အထိ လမ်းတံတား ပျက်စီးမှုများနှင့် ယာယီပြင်ဆေင်နေမှုတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး တံတားအလိုက် ချဉ်းကပ်လမ်းများနိမ့်ကျမှု၊ တံတားမြေထိန်းနံရံများ ကွဲအက်မှု၊ Underpass များအလိုက် ကြံ့ခိုင်မှုများအား ချက်ခြင်းအသေးစိတ်စစ်ဆေးခြင်းအပြင် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် အမြန်လမ်း/တံတားအဖွဲ့နှင့်ပူးပေါင်းအမြန်ဆုံးပြင်ဆင်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများသည် တောင်ငူမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား အသက်ကူကယ်ဆယ်နိုင်ရေး တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း(၄၀၀)ကျော် စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူဒါန်းနေသူများအား အာဟာရဖြည့်စွက်စာ များနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ၎င်းနောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ တက်ရောက်ကုသမှုခံယူနေသည့် ပြည်သူ (၄၄)ဦးအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး လူနာတစ်ဦးချင်းစီ ၏ ထိခိုက် ဒဏ်ရာရရှိမှု၊ ကုသထားရှိမှုနှင့် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာမှုများအား မေးမြန်းခဲ့ပြီး အာဟာရဖြည့်စွက်စာများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။