Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

သာယာဝတီ ဧပြီ ၁၂

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ မကျီးကွင်းကျေးရွာ အုပ်စု၌ နွေနှမ်းပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူ များနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တောင်သူများအနေဖြင့် တစ်နှစ်(၂)သီးသာ စိုက်ပျိုးပြီး လှပ်ထားသည့် လယ်ယာမြေများတွင် နောက်ထပ်တစ်သီး ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသနှင့်ကိုက်ညီသည့် သီးနှံရွေးချယ်စိုက်ပျိုးရေး ကွင်းဆင်းသရုပ်ပြစိုက်ပျိုးပြသရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒေါ်နေခြည်ဝင်း၏ ငွေနှင်းမှိုစိုက်ပျိုးရေးခြံသို့ ရောက်ရှိခဲ့ရာ ငွေနှုင်းမှိုစိုက်ပျိုးမှု အဆင့်ဆင့်နှင့် ဈေးကွက်ရရှိမှု အခြေအနေများအား လိုက်လံရှင်းလင်း ပြောကြားခဲ့ပြီး သဘာဝမြေဆွေး၊ ဗေဒါရိုးနှင့်ကတ္ထူစက္ကူသာအသုံးပြု၍ကောက်ရိုးမှိုစိုက်ပျိုးခြင်းအား ကြည့်ရှုခဲ့ပြီး မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်ရရှိနိုင်သည့် အခွင့်အလမ်းဖြစ်၍ ရပ်ကွက်/ကျေးရွာ များအတွင်း မှိုစိုက်ပျိုးခြင်း လုပ်ငန်း တွင်ကျယ်စွာလုပ်ကိုင်ဆောင်ရွက်နိုင်စေရေး အသိပညာပေးခြင်းနှင့် သင်တန်းပေးခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာယာဝတီစိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းသို့ ရောက်ရှိခဲ့ပြီး ဆရာ/ဆရာမများမှ သင်ကြားမှု အထောက်အကူပြု စံပြဘဲမွေးမြူထားရှိမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုကျောင်းသား/ကျောင်းသူများအား ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် သဘာဝပိုးသတ်ဆေးပြုလုပ်ခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်ခြင်းနှင့် ဒေသစာဖြင့် မွေးမြူနိုင်ရေးလမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း စနစ်တကျစံပြလယ်ယာမြေ(၂၀၅)ဧက၌ နွေစပါးစိုက်နည်းစနစ် ယှဉ်ပြိုင်စိုက်ခင်း အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးချိန်မှစတင်၍ တောင်သူများအား ခေါ်ယူပြသခြင်း၊ ပင်ပွှားနှုန်း ယှဉ်ပြိုင်ပြသခြင်း၊ ရိတ်သိမ်းချိန် အထွက်နှုန်းယှဉ်ပြိုင်ပြသခြင်းအပြင် စိုက်နည်းစနစ် ပြောင်းလဲခြင်းနှင့် အတူ ပေါင်းမြက်နှိမ်နင်းမှု လွယ်ကူခြင်း၊ ပိုးမွှားဒဏ်ခံနိုင်ရည်ရှိခြင်း၊ သွင်းအားစုထည့်သွင်းမှုသက်သာခြင်း၊ စိုက်ကွက်ပြည့်မီ၍ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိခြင်းစသည့် အကျိုးကျေးဇူးများအား တောင်သူ များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ကျေးရွာအလိုက် မျိုးယှဉ်ပြိုင်စံပြကွက်များ၊ စိုက်နည်းစနစ် ယှဉ်ပြိုင် စံပြကွက်များ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။