ပဲခူး ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်း အဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံ ရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် မြေသိမ်းဆည်းခြင်းပြဿနာများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း၊ မြေသိမ်းဆည်းခြင်းအမှုတွဲများ စိစစ်ရာတွင် မှန်မှန် ကန်ကန်နှင့် အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားရန်နှင့် ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်(၅၂)ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကာ အမှုတွဲများ အမြန်ဆုံးပြီးပြတ် ပိတ်သိမ်းနိုင်မှာဖြစ်ကြောင်း၊ သိမ်းဆည်းခံ လယ်ယာမြေနှင့်အခြားမြေများ မူလပိုင်ရှင်များထံ အမြန်ဆုံးလက်ဝယ်ရောက်ရှိစေရေး လုပ်ငန်းစဉ်(၉)ရပ်နှင့်အညီ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလပိုင်ရှင်များမှ ပြန်လည်လျှောက်ထားရာတွင် (၁၈-၉-၁၉၈၈)ရက်နေ့ နောက်ပိုင်း မြေသိမ်းဆည်းမှုများ ကိုသာ ဖြေရှင်းဆောင်ရွက်ပေးမည်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်ဆင့်တို့၌ ဖွဲ့စည်းပေးထားသည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီများအနေဖြင့် သိမ်းဆည်းခံမြေများ နှင့်ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးမှူးက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ အမှုတွဲပိတ်သိမ်းရန် တင်ပြရမည့် အမှုတွဲ(၄၈)တွဲနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု များ ပြန်လည်စိစစ်ရေးကော်မတီ အဖွဲ့ဝင်များက တင်ပြစာပါအမှုတွဲများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။