Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် ‌အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် ‌အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၈

================

ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်းတွင် ဇွန်လ(၈)ရက်နေ့ ညနေပိုင်း အချိန်က ၂၀၂၂ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား (၂၈)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။

         အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင် ပရိသတ်များ တက်ရောက်ကြပြီး ဝေါမြို့နယ်ဘောလုံးအသင်းနှင့် လက်ပံတန်း မြို့နယ် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေး ကြသည်။

           ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပွဲစဉ်တလျှောက် အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်း အကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် အကောင်းဆုံး ဘောလုံးသမားဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုများကို လူမှုရေးရာဝန်ကြီးနှင့် သယံဇာတရေးရာ ဝန်ကြီးတို့က လည်းကောင်း၊ စတုတ္ထဆုရရှိသော တောင်ငူမြို့နယ်အသင်းအား စီးပွားရေးရာဝန်ကြီး ကလည်းကောင်း၊ တတိယဆုရရှိ‌သော သနပ်ပင်မြို့နယ်အသင်းအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကလည်းကောင်း၊ ဒုတိယဆုရရှိသော ဝေါမြို့နယ်အသင်းတို့အား တရားလွှတ်တော် တရားသူကြီးချုပ်က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးကြသည်။

       ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဒိုင်အဖွဲ့များနှင့် ကြက်ခြေနီအဖွဲ့တို့အား ဂုဏ်ပြုဆုငွေနှင့် ပထမဆုရရှိသွားသော လက်ပံတန်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ပထမဆု ဖလားနှင့် ငွေသားဆုကျပ်(၁၀)သိန်းတို့အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်မှ ဘောလုံးအားကစားကွင်းများ၌ ဇုံ(၄)ဇုံခွဲ၍ ပထမအဆင့် အုပ်စုပွဲစဉ်များကို မေလ(၂၀)ရက်နေ့မှ (၂၇)ရက်နေ့အထိလည်းကောင်း၊ ဒုတိယအဆင့်အုပ်စုပွဲစဉ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲစဉ်များကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်း၌ မေလ(၃၀)ရက်နေ့မှ ဇွန်လ(၈)ရက်နေ့အထိလည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ ကြခြင်းဖြစ်ပြီး အဆိုပါမြို့နယ် အသီးသီးမှ ထူးချွန်သော ဘောလုံးအားကစားသမားများကို ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဘောလုံး အသင်းအဖြစ် ရွေးချယ်ဖွဲ့စည်းပြီး နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး U-19 အမျိုးသား ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် ကစားကြရမှာဖြစ်ကြောင်း သတင်းရရှိသည်။