Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ထွက်ကုန် တိုးတက်မြင့်မာစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ထွက်ကုန် တိုးတက်မြင့်မာစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ဒိုက်ဦး ဩဂုတ် ၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဩဂုတ်လ(၆)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ထွက်ကုန် တိုးတက်မြင့်မာစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊  လခုပ်ကွင်း ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်ကြည်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ တိုင်းရင်းကြက် ကောင်ရေ(၁၀၀၀၀) ဒုတိယအကြိမ် ထပ်မံမွေးမြူထားရှိမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး တိုင်းရင်းကြက်သည် ဒေသတွင်းမှထွက်ရှိသည့် အစာဖြင့်မွေးမြူနိုင်ခြင်း၊ ရာသီဥတု ရောဂါမိုးမွားဒဏ်ခံနိုင်ခြင်း၊ ပြည်တွင်းစျေးကွက်ခိုင်မာခြင်းနှင့် မွေးမြူရလွယ်ကူခြင်းတို့ကြောင့် တိုင်ရင်းကြက် မွေးမြူသူ အစုအဖွဲ့များဖွဲ့စည်း၍ ဆက်လက်တိုးချဲ့မွေးမြူရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လခုပ်ကွင်းကျေးရွာ၌ ယခင်က သီးနှံစိုက်ပျိုးနိုင် ခဲ့ခြင်းမရှိသည့် သဲဆန်ကုန်းကြောမြေ(၆၆)ဧကအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြေယာ ပြုပြင်ခြင်းနှင့် ယာ-၁၄ စပါးမျိုး စမ်းသပ်စိုက်ပျိုး အောင်မြင်မှုနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း သဲဆန် ကုန်းကြောမြေရှိသည့် ကျေးရွာအုပ်စုများမှ တောင်သူများအား ခေါ်ယူပြသ၍ စိုက်နည်းစနစ်နှင့် ရေမြေသဘာဝပေါ်မူတည်၍ မျိုးပြောင်းလဲစိုက်ပျိုးမှုအား အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန် မှာ ကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကတုတ်ရွာမကျေးရွာ၌ ဥစားဘဲများ သဘာဝမှ ရရှိသည့် ကွင်းစာဖြင့် အောင်မြင်စွာ မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဥစားဘဲနှင့် အသားစားဘဲ သားပေါက်များအား မိမိတို့ဒေသအတွင်း ဥဖောက်စက်ဖြင့် ဘဲသားဖောက်မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာ၌ မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဒေသတွင်း စပါးမျိုးကွဲများပြားမှုမရှိစေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရမှာဖြစ်ကြောင်း၊ မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ ခေတ်မီ စိုက်ပျိုးနည်းစနစ်များ ပြောင်လဲသွားရမှာဖြစ်ကြောင်း၊ တောင်သူများ၏ တစ်ဧက ဝင်ငွေတိုးတက်ရရှိရေးနှင့် စိုက်ပျိုးစရိတ် လျော့ချပေးနိုင်ရေး မျိုးစေ့ချကိရိယာ (Drum Seeder) အား ချီးမြှင့်ပေးအပ်ခြင်းဖြစ်၍ ပန်းတိုင်အထွက်နှုန်းရှိရေး အကျိုးရှိရှိ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး ဒေသခံ ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်များမှ မိုးစပါးစိုက်တောင်သူများအတွက် ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်ထားသည့် မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် သွင်းအားစုများ ပေးအပ်ခဲ့သည်။ ၎င်းနောက် လက်မှုလယ်ယာစနစ်မှ  စက်မှုလယ်ယာစနစ်သို့ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲစေရေး ဒေသတွင်း ထုတ်လုပ်ထားသည့် လယ်ယာသုံးစက်ကိရိယာများနှင့် သဘာဝ သွင်းအားစုများအား လှည့်လည်ကြည့်ရှုခဲ့ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပဲခူးမြို့မှ ထုတ်လုပ်ထားသော လူလိုက်ပါစီးနင်းနိုင်သည့် ကောက်စိုက်စက် ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာရှိ မိုးစပါးစိုက်ဧကများ စုပေါင်း သမန်းနှိုး၊ ပေါင်းရှင်း၊ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ ရောစပ်ကြဲပတ်ပွဲနှင့် အိမ်ခြေ(၄၀)ကျေးရွာ၌ ဦးတင်ထွဋ်မြင့်၏ တိုင်းရင်းကြက်မျိုး သားဖောက်ခြံနှင့် တစ်ရက် တန်(၄၀)ကျ ဆန်စက် တည်ဆောက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဒိုက်ဦးမြို့၊ စျေးပိုင်း(၁)ရပ်ကွက်၊ ဦးဇော်မင်း၏ ဂြိုလ်တု ကွာစေ့လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး ယခင်နည်းအတိုင်း ထုတ်လုပ်ရောင်းချခြင်းထက် ထုတ်ပိုးမှုစနစ် ပြောင်းလဲခြင်း၊ ထူးကဲသည့် အနံ့အရသာရရှိရေးနှင့် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။