Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၁၉

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

          ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူခရိုင်၊ ရေတာရှည် မြို့နယ်၊ သပြေတန်းကျေးရွာအုပ်စုရှိ GW-11မျိုး စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် ရေတာရှည်မြို့နယ်၊ ညောင်ပင်ကိုင်း-ပိတောက်ခင်-ရွာသစ်လမ်း အရှည်(၁)မိုင် ကွန်ကရစ် လမ်းခင်းနိုင်ရေး အောက်ခြေအမာခံလမ်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်လမ်းအထိ ကွန်ကရစ်လမ်းအဖြစ် တိုက်ရိုက်ချိတ်ဆက်နိုင်‌ရေး နှစ်စဉ်ဘတ်ဂျက် ရေးဆွဲတင်ပြရန်နှင့် လမ်းပုခုံးသားများ သေချာစနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ မြို့ရှောင်လမ်း(၄မိုင်၄ဖာလုံ) ဖောက်လုပ်နေမှုနှင့် မဟင်ကျေးရွာ ကုန်ထုတ်လမ်း(၂)မိုင်နှင့်(၄.၂၁)ဖာလုံ ဖောက်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ၎င်းနောက် အုတ်တွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တစ်နှစ်(၃)သီးစိုက်မျိုးမည့် လယ်မြေများတွင် မိုးစပါးအချိန်မီစိုက်ပျိုး ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဖြူးမြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်ခဲ့ကာ သက်ကြီးဘိုးဘွားများအား ဂါရဝပြုအားပေးစကားပြောကြားခဲ့ပြီး ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုရန် ငွေကျပ်(၁၀) သိန်း ပေးအပ်လှူဒါန်းခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်ခရိုင်၊ ကျောက်တံခါး မြို့နယ်၊ အောင်မြင်ကျေးရွာအုပ်စုရှိ ဆင်းသုခ မျိုးသန့်မျိုးစေ့ထုတ်(၄၀)ဧက စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်ရေအား အကျိုးရှိရှိ စနစ်တကျသုံးစွဲကြရန်နှင့် တစ်နှစ် (၃)သီး စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ကျွန်းကုန်း ကျေးရွာ၌ ဒေသကြက်ကောင်ရေ(၂၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် ညောင်လေးပင်မြို့၌ တိမ်ကောနေသည့် ရွာသစ်ချောင်းအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် ရွာသစ်ချောင်း ပြန်လည်တူးဖော်နိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။