သာယာဝတီ ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဩဂုတ်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီ မြို့နယ်၊ ဆရာစံမြို့သစ်၊ အလယ်ကုန်းရပ်ကွက်ရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးချိုတေး၏ နို့စားနွားကောင်ရေ (၅၀) အောင်မြင်စွာမွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်နွားနို့များ လေလွင့်မှု မရှိစေရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေး နို့ပေါင်းစက်နှင့် အအေးပေးစက်များထားရှိရန်၊ ခြံလှောင် မွေးမြူမှုစနစ်မှရရှိလာသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာထုတ်လုပ်ရန််၊ ထွက်ရှိလာ သည့် နွားနို့များအား ကုန်ကြမ်းအဆင့်အဖြစ် မရောင်းချပဲ တန်ဖိုးမြှင့်နို့ထွက်ကုန်ချောပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် နေဗီယာမြက်တိုးချဲ့စိုက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအုပ်စုရှိ ပေါ်ဆန်း(ရေဆင်း-၁)၊ ရွှေဘိုပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်းနှင့် ပေါ်ဆန်းရင် မျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး စျေးကွက်ဝင်ပြီး ပန်းတိုင် အထွက်နှုန်းရရှိကာ ဒေသရေမြေသဘာဝနှင့်ကိုက်ညီသည့် စပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပြသရန်၊ စပါးမျိုးကွဲများပြားမှုသည် မိဘမျိုးရင်းများပြုန်းတီးမှုကိုဖြစ်ပေါ်စေ၍ မျိုးကွဲများပြားမှုအား ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် စပါးမျိုးအလိုက် တောင်သူတွက်ခြေကိုက်မှုနှင့် ပြုစုစောင့်ရှောက်မှုနည်းလမ်းများအား တောင်သူအသိပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၀၁)ရှိ တစ်ကွင်းတစ်ဆက်တည်း မိုးစပါးစိုက်ဧက(၄၀၀)နှင့် မင်းလှမြို့နယ်၊ ဝက်လှကြီးကျေးရွာအုပ်စုရှိ တစ်ကွင်းတစ်ဆက်တည်း မိုးစပါးစိုက်ဧက(၂၅၀) စုပေါင်း သမန်းနိုး၊ ပေါင်းလိုက်၊ သွင်းအားစုကြဲပတ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိမှ တောင်သူများ အကျိုးအမြတ်ရရှိနိုင်မှာဖြစ်၍ မျိုး၊ မြေ၊ ရေ ၊ နည်း ကောင်းမွန် ပြည့်စုံအောင် အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ သီးနှံပေါ်ပေး စနစ်ဖြင့် ပံ့ပိုးပေးသည့် သွင်းအားစုများ အချိန်မီဖြန့်ဖြူးပေးနိုင်ရေးနှင့် တောင်သူဝင်ငွေတိုးပြီး မိုးစပါး စိုက်ခင်းအတွင်း ပိုးမွှားရောဂါဖျက်စီးမှုကာကွယ်၍ သမန်းနိုး၊ ပေါင်းလိုက်သက်သာကာ သဘာဝမြေဩဇာ ကြွယ်ဝနိုင်သည့် အသားစားဘဲနှင့် ဥစားဘဲတို့အား လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူရေးလုပ်ငန်း တွဲဖက် ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်၊ သစ်တူးအိုင် ကျေးရွာ၌ ဦးသက်လွင်၏ ကြံမြှပ်ချေးနှင့် ထရိုင်ကိုဒါးမား ရောစပ်၍ ထန်းညီနောင် အမှတ်တံဆိပ်ဖြင့် ဩဂဲနစ်မြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးရေးအလုပ်ရုံသို့ ရောက်ရှိခဲ့ပြီး တောင်သူကိုယ်တိုင် ထုတ်လုပ်သုံးစွဲ နိုင်ရေး အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှ-မိုးညို ကားလမ်း တစ်လျောက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လမ်းပိုင်းအလိုက် ပြင်ဆင် ဆောက်ရွက်ရမည့် အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာ၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နေသော ဦးဇော်ဝင်း၏ ဥစားကြက် ကောင်ရေ(၁၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်း ပစ္စည်းများဖြင့် စီးပွါးဖြစ် တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းများစတင်နိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။ ၎င်းနောက် မိုးညိုမြို့၊ မြို့ပတ်လမ်း၊ မြို့မရပ်ကွက်ရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးသန်းထိုက်၏ ဘယ်ဂျီယံနိုင်ငံမှ လန်းဒရေ့မျိုး အသားတိုးဝက် (၄၃)ကောင် မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှု အား ပေးခဲ့ပြီး ဒေသတွင်း အသားစားသုံးမှု ဖူလုံစေရေး အသားတိုးဝက်၊ ဒေသဝက်တို့အား စီမံချက်အတိုင်း တိုးချဲ့မွေးမြူရန်နှင့် ဇီဝလုံခြုံရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။