သာယာဝတီ စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက် နှုန်းရရှိ ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၌ စပါးနှင့်ဘဲ ပေါင်းစပ်စိုက်ပျိုးမွေးမြူခြင်း သရုပ်ပြသမှု အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး စပါးခင်းများအတွင်း မိုးရာသီတွင်ကျရောက်လေ့ရှိသည့် ရွှေခရုများ နှိမ်နင်းရာတွင် ပိုးသတ်ဆေးမသုံးဘဲ သဘာဝနည်းလမ်းအတိုင်း ဘဲမွေးမြူလွှတ်ကျောင်းခြင်းသည် အထိ ရောက်ဆုံးဖြစ်ကာ စပါးခင်းများ ပေါင်းမြက်ဖယ်ရှားရမှု သက်သာခြင်း၊ စွန့်ပစ်ပစ္စည်းမှ သဘာဝမြေဩဇာ ရရှိခြင်းတို့စသည့် အကျိုးကျေးဇူးများရရှိခြင်းအပြင် ဒေသတွင်း အသား၊ ဥ ဖူလုံမှုကိုလည်း တိုးတက်လာ စေနိုင်မှာဖြစ်၍ ကျေးရွာအုပ်စုများအလိုက် တောင်သူအစုအဖွဲ့ဖြင့် ဘဲမွေးမြူခြင်းလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ်၊ ကွမ်းခြံ ကျေးရွာအုပ်စု၌ မိုးစပါးစံပြအကွက်ကျယ် တစ်ကွင်းတစ်ဆက်တည်း ဧက(၃၀၀)ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မိုးစပါးစိုက်ပျိုးပြီးစီးပါက ပဲစိုက်ပျိုးမည့် တောင်သူများအနေဖြင့် ပဲမရိတ်မီ သတ်မှတ်ရက်အတိုင်း ပိုးသတ်ဆေးဆေးဖြန်းခြင်း မဆောင်ရွက်ရန်၊ ပဲစိုက်ပျိုးရာတွင် သတ်မှတ်(၁)ဧကစံနှုန်းများ အတိုင်းသာ စိုက်ပျိုးသွားရန်၊ ပြည်တွင်း/ပြည်ပ ခိုင်မာသည့်ဈေးကွက်ရရှိရေး ဘေးကင်းလုံခြုံသည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး အဆိုပါ စံပြအကွက်ကျယ် တစ်ကွင်းတစ်ဆက်တည်း နိုင်အောင်တိုးမိုးစပါး ဧက(၃၀၀)ရိတ်သိမ်းခဲ့ရာ တစ်ဧက ပျှမ်းမျှ အစိုတင်း(၁၃၂.၇)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရှိသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်၊ သပြေစမ်းကျေးရွာ အုပ်စု၌ မိုးစပါးစံပြအကွက်ကျယ် တစ်ကွင်းတစ်ဆက်တည်း ဧက(၃၀၀)ရိတ်သိမ်းနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဒေသတွင်း သင့်တင့်မျှတသည့် စပါးဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမှာကြားထားပြီးဖြစ် ၍ ဒေသအလိုက် ဆန်စက်လုပ်ငန်းရှင်များမှ ဝယ်ယူပေးသွားမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိမှသာ ဈေးကွက်အရတွက်ခြေကိုက်မည်ဖြစ်၍ စိုက်ပျိုးချိန်မှ စတင်ပြီး ရိတ်သိမ်းချိန်အထိ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးသီးနှံရွေးချယ်ခြင်းနှင့် အသိပညာပေးများရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။