Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁

=================

             ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် အလားအလာ ရှိသော ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများကို ဖော်ထုတ်လေ့ကျင့် ပေးနိုင်ရေးအတွက် သြဂုတ်လ(၃၁)ရက်နေ့ ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်း၌ ၂၀၂၂ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ဘောလုံးဝါသနာရှင်များက ပဲခူးခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးကြရာ တောင်ငူခရိုင် အသင်းမှ (၂:၀)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

           ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် ဂိုးသမား၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းနှင့် အကောင်းဆုံး ဘောလုံးသမားဆုရရှိကြ အားကစားသမားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများမှ ဆုတံဆိပ်နှင့် ငွေသားဆု(၁)သိန်းကျပ်စီအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

    ယင်းနောက် ဒုတိယဆုရရှိသော ပဲခူးခရိုင်အသင်းအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သိန်းအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးကြသည့် ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုငွေကျပ်(၃)သိန်း၊ ကြက်ခြေနီတပ်ဖွဲ့အတွက် ချီးမြှင့်ငွေကျပ်(၁)သိန်း(၅)သောင်း နှင့် ပထမဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ပထမဆုဖလားနှင့် ငွေသားဆု ကျပ်(၁၀)သိန်းတို့အား ချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

       ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်း၌ သြဂုတ်လ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်ကိုယ်စားပြု အသင်း(၄)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။