ပဲခူး စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာသို့ ရောက်ရှိခဲ့ပြီး အတွင်းလမ်းသွယ်(၅) ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် နိုင်ရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းသွယ်များအားလုံး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ပေးနိုင်ရေး ဘဏ္ဍာနှစ်အလိုက်တင်ပြပေးရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများအားလုံး သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်းသို့ရောက်ရှိခဲ့ပြီး အေးချမ်းပျော်ရွှင်စွာ ကျောင်းတွင်းစာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ဆရာ/ဆရာမ လုံလောက်မှုရှိစေရေး နှင့် ခေတ်မီကလေးကစားကွင်းတစ်ခု တည်ဆောက်ပေးရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး ကျောင်းဆရာမများအတွက် သီးခြားချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အောက်တိုဘာလ(၂)ရက်နေ့တွင် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင်ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားဝန်း၌ MSMEs လယ်ယာသုံး စက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲ ကျင်းပပြုလုပ်မည့် နေရာသို့ ရောက်ရှိခဲ့ပြီး ဆိုင်ခန်းများနှင့် ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ပစ္စည်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ MSMEs လယ်ယာသုံး စက်ကိရိယာ ပစ္စည်းထုတ်ကုန် များ ပြပွဲ/ပြိုင်ပွဲတွင် မြို့နယ်(၂၈)မြို့နယ်မှ ထုတ်လုပ်လျက်ရှိသည့် ကောက်စိုက်စက်ကိရိယာအမျိုးမျိုး၊ စပါး အခြောက်ခံစက်၊ ဘက်စုံသုံး ချွေလှေ့စက်အမျိုးမျိုး၊ မျိုးစေ့ချစက်အမျိုးမျိုး၊ ပေါင်းလိုက်/ပေါင်းရှင်းကိရိယာ အမျိုးမျိုး၊ ဆေးဖြန်းစက်အမျိုးမျိုး၊ စပါးသယ်ယူစက်အမျိုးမျိုး၊ နှမ်းဘောင်ကြီးတင်စက်များ၊ မြေဩဇာချ စက်များ၊ ကြံစိုက်စက်များ၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးအမျိုးမျိုး စုစုပေါင်း လယ်ယာသုံးပစ္စည်းနှင့် ဆက်စပ်ပစ္စည်း(၁၅၀)ကျော်အား ဆိုင်ခန်းပေါင်း(၄၄)ခန်းဖြင့် ခင်းကျင်ပြသသွားမှာဖြစ်သည့်အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များ ပါဝင်သည့်အဖွဲ့ဖြင့် အမှတ်ပေး၍ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေး သွားမှာဖြစ်သည့်အပြင် ရပ်နီး/ရပ်ဝေးမှ လာရောက်လေ့လာကြမယ့် တောင်သူများအတွက် တစ်ပါတည်း ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သတင်းရရှိသည်။