ပဲခူး အောက်တိုဘာ ၉
ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက ပြည်ပပို့ကုန် သီးနှံ ထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုဖြစ် ကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်တွင်းစားသုံးသူများ အစားအစာဘေးကင်းလုံခြုံမှုရှိရေးသည် အရေးကြီးကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်သလို တစ်ဘက်မှာလည်း စာသုံးသူများအတွက် အန္တရာယ်ဖြစ်စေ နိုင်သည့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ဒွန်တွဲတွေ့ရှိလာရသည့်အတွက် ပိုးသတ်ဆေး ဓာတ်ကြွင်း လျော့ကျကင်းစင်စေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပြီး စပါးနှင့်ပဲသည် ဒုတိယအများ ဆုံးစိုက်ပျိုးကာ ပြည်ပသို့အများဆုံး တင်ပို့နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်စင်ရေး အားလုံးပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်းနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ် တင်ပို့ရာတွင် ကမ္ဘာ့ဈေးကွက်၌ ဂုဏ်ယူဝင့်ကြွားစွာ ယှဉ်ပြိုင်ရောင်းနိုင်ရေး ကြိုးစားဆောင်ရွက် သွားကြစေ လိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် ဒေါက်တာ ခင်ခင်မာလာမြင့်တို့က သီးနှံကာကွယ်ရေးဆိုင်ရာအသိပညာများကိုလည်းကောင်း၊ ဒေါက်တာ ရီရီချိုက မျိုးစေ့ထုတ်ခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာအသိပညာများကိုလည်းကောင်း၊ ဒေါက်တာ ဝင်းသန်းက ပိုးမွားရောဂါအကြောင်းသိကြောင်းစရာနှင့် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာအသိပညာများကိုလည်းကောင်း၊ ဒေါ်မြင့်မြင့်မော်က လယ်ယာမြေပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာအသိပညာများကိုလည်းကောင်း၊ ဒေါက်တာ ခင်အေးပွင့်ခိုင်က ပေါင်းမြက်ကြောင့် သီးနှံအထွက်နှုန်းထိခိုက်မှုဆိုင်ရာ အသိပညာများကိုလည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပိုးသတ်ဆေးသုံးစွဲခြင်းနှင့် ပတ်သက်၍ တောင်သူ အသိပညာပေး စာစောင်များအား လှည်လည်ကြည့်ရှုခဲ့ပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးဆေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ မြို့နယ်(၁၄)မြို့နယ်မှ တောင်သူများ ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပိုးသတ်ဆေးနှင့် ဓါတ်မြေဩဇာရောင်းချသည့် ကုမ္ပဏီ များ၊ ပို့ကုန်လိုင်စင်ရကုမ္ပဏီများနှင့် စိုက်ပျိုးရေးပညာရှင်များ စုစုပေါင်း(၂၀၀)ဦးကျော် တက်ရောက်ခဲ့ကြ သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲအား တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ပေးနိုင်ရေးနှင့် ပိုးသတ်ဆေးကင်းစင်ပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေး ထုတ်ကုန်များထွက်ပေါ်လာစေရေး၊ စိုက်ပျိုးထုတ်လုပ်မှုလျော့ချ၍ အကျိုးအမြတ်ပိုမိုရရှိစေရေးရည်ရွယ်၍ မြို့နယ်များအလိုက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် လူစည်ကားရာဈေးများ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေး စက်ဖြင့် ဆန္ဒမဲပေးမှုသရုပ်ပြသခြင်း၊ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။