ပဲခူး ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ရိုဘတ်စတာကော်ဖီနှင့် ပြည်ပ ပို့ကုန် အမယ်သစ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရော်ဘာစိုက်ပျိုးသူလုပ်ငန်းရှင်များ၊ သစ်မာစိုက်ခင်းလုပ်ငန်းရှင်များ၊ နှစ်ရှည်သီးနှံစိုက်ခင်းလုပ်ငန်းရှင် များနှင့် တွေ့ဆုံအသိပညာပေး အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်များ ပြည့်မီကျော်လွန်ထွက်ရှိရေး၊ သီးထပ်စွမ်းအား/သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊ ဘေးအန္တရာယ်ကင်းရှင်း ပြီး ပြည်ပပို့ကုန် အရည်အသွေးမီ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်တင်ပို့နိုင်ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ ရေမြေရာသီဥတု အခြေအနေနှင့်ကိုက်ညီသည့် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်တို့တွင် ရိုဘတ်စတာ(မြေနိမ့်)ကော်ဖီ (၁၁၂၄)ဧက စိုက်ပျိုးထားပြီးဖြစ်ကာ နှစ်စဉ်ဆက်လက်တိုးချဲ့ စိုက်ပျိုးသွား မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ရိုဘတ်စတာ(မြေနိမ့်)ကော်ဖီ စိုက်ပျိုးရန် သီးခြားမြေနေရာ ရှာဖွေရန်မလိုအပ်ဘဲ ရှိပြီးသား ရော်ဘာ၊ သစ်မာစိုက်ခင်းနှင့် နှစ်ရှည်ပင်စိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ အသိပညာပေးရခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ရော်ဘာစိုက် ဧက(၁)သိန်း (၁)သောင်းကျော်ရှိပြီး ရိုဘတ်စတာ(မြေနိမ့်)ကော်ဖီနှင့် ဝဥသီးနှံတို့အား သီးညှပ်စိုက်ပျိုးခြင်း အားဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိလာနိုင်မှာဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရိုဘတ်စတာ (မြေနိမ့်)ကော်ဖီ စိုက်ပျိုးနိုင်ရေး ပျိုးပင်များကို အခမဲ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များနေဖြင့် မိမိတို့၏ ရော်ဘာ၊ သစ်မာနှင့် နှစ်ရှည်သီးနှံစိုက်ခင်းများတွင် ရိုဘတ်စတာ(မြေနိမ့်) ကော်ဖီ၊ ဝဥနှင့် ငရုတ်ကောင်းစသည့် ဝင်ငွေရကြားသီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းသည် ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး နိုင်ငံခြားဝင်ငွေရရှိသည့်လုပ်ငန်းဖြစ်၍ အောင်မြင်မှုရရှိရေး ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်က ရိုဘတ်စတာ(မြေနိမ့်)ကော်ဖီ ဈေးကွက်အခွင့်အလမ်းနှင့် တိုးချဲ့စိုက်ပျိုးမည့် အစီအစဉ်များကိုလည်း ကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီသီးနှံဌာနခွဲမှ ကော်ဖီပညာရှင် ဦးစောဝင်းနောင်က ကော်ဖီ ပျိုးထောင်စိုက်ပျိုးနည်းစနစ်များကိုလည်းကောင်း၊ ရိုဘတ်စတာ(မြေနိမ့်)ကော်ဖီ ဝယ်ယူကြိတ်ခွဲတင်ပို့ ရောင်းချမှုနှင့်ပတ်သက်၍ ရိုဘတ်စတာ(မြေနိမ့်)ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းရှင် ဦးရာဇာရှင်းသန့်နှင့် ဝဥ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ ဝဥစိုက်ပျိုးရေးလုပ်ငန်းရှင် ဦးလှသိန်းတို့က အသီးသီးရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသ ထားသည့် ကော်ဖီနှင့် ဝဥ ထုတ်ကုန်များအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပရိယတ္တိသဒ္ဓမ္မရက္ခိတ (ပဲခူးသာမဏေကျော် အသင်းကြီး)မှ ကြီးမှူးကျင်းပသည့် (၃၉)ကြိမ်မြောက်“သာသနာလင်္ကာရအကျော်စာမေးပွဲ”သို့ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ စာဖြေသံဃာများနှင့် သီလရှင်များ စုစုပေါင်း(၂၈၅၇)ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး စာမေးပွဲဖြေဆိုနေမှုများအား သွားရောက်ကြည်ညိုခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website