Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တောင်ငူခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တောင်ငူခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

တောင်ငူ စက်တင်ဘာ ၁၉

=================

         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ သပြေကုန်းကျေးရွာ၊ ဆိုလာစနစ်ဖြင့် ကျေးရွာရေရရှိရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုနှင့် သပြေတန်း-ထန်းကုန်း- ဇလုပ်ကြီး ကျေးရွာချင်းဆက်လမ်း အရှည် (၁.၅)မိုင် ကွန်ကရစ်ခင်းနေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ မှတ်ကြီးခုံ-ဇလုပ်ကြီးကုန်ထုတ်လမ်း ဆောင်ရွက်ပေး ရန်၊ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ကျေးရွာတွင်းလမ်းများ ဆောင်ရွက်ပေးရန်၊ အမြန်လမ်းဘေးရှိ လှေထိုးချောင်ကျေးရွာသွားလမ်း ကျောက်ရောမြေလမ်း(၁)မိုင် (၄)ဖာလုံ ခင်းပေးနိုင်ရေးဆောင်ရွက်ရန်၊ Mobile Solar စနစ်ဖြင့်စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက် ပေးရန်နှင့် ဒေသကြက်မွေးမြူနိုင်ရေး အသိပညာပေး ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် ရေတာရှည်မြို့နယ်၊အလက-ထန်းကုန်း စာသင်ကျောင်းသို့ သွားရောက်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပညာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်းနှင့် ခေတ်မီကလေးကစားကွင်းတို့အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

        ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ငူမြို့၊ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုး ကျောင်း၌ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တောင်ငူတက္ကသိုလ်သို့ သွားရောက်ခဲ့၍ (၃)ထပ် ကျောင်းသားအိပ်ဆောင်၊ (၃)ထပ် စာသင်ဆောင်နှင့် သုတေသနစင်တာ ဆောက်လုပ် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားခဲ့ကာ ပညာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဝန်ထမ်းများအား လစဉ်ဆန်နှင့် ဆီအား ချိုသာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

         ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့၊ အုတ်ဖြတ်မျိုးသန့်ခြံရှိ ဆင့်ပွါးမျိုးစေ့ Foundation Seed ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အထွက်နှုန်းတိုးပြီး ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်ရန်နှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များလည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

      ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တံခါးမြို့၊ ရွှေရသာအဆင့်မြင့် ဆန်စက်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စပါးစိုက်တောင်သူများနှင့် ဆန်စက်လုပ်ငန်းရှင်များပူးပေါင်း၍ အကျိုးတူ လယ်ယာစနစ်များ ကျယ်ကျယ်ပြန့်ပြန့်  ဖော်ဆောင်ပေးနိုင်ရေး သက်ဆိုင်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။