ပဲခူး ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ညနေပိုင်းက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တတိယအကြိမ် ပဲခူးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးကျင်းပပြုလုပ်မည့် အစည်းအဝေးခန်းမကြီးသို့ ရောက်ရှိခဲ့ရာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦးက လွှတ်တော်ကိုယ်စားလှယ်များ နေရာချထားမှု၊ အသံစနစ်များ၊ မဲပေးသည့်စနစ်များနှင့် လုံခြုံရေးကင်မရာများ တပ်ဆင်ထားရှိမှု၊ သက်ဆိုင်ရာ ရေးရာကော်မတီများအလိုက် အစည်းအဝေးခန်းများ ပြင်ဆင်ထားရှိမှုနှင့် လွှတ်တော်ကိုယ်စားလှယ် အိပ်ဆောင်များ အဆင်သင့်ပြင်ဆင်ထားရှိမှုနှင့် မတ်လ (၂၀)ရက်နေ့တွင် စတင်ကျင်းပမည့် တတိယအကြိမ် ပဲခူးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လွှတ်တော်ကိုယ်စားလှယ်များ စတင် ရောက်ရှိချိန်မှစ၍ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်၊ ရေမီးပြည့်စုံမှုရှိစေရေး ပြင်ဆင်ထားရန်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လက်ဆွဲစာဆောင်များ တစ်ပါတည်းဝေငှပေးထားရန်၊ မေးခွန်းမေးမြန်းခြင်း နှင့် အဆိုတင်သွင်းခြင်းစသည့် လွှတ်တော်ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းစွာသိရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထား ရှိရန် လမ်းညွှန်မှာကြားခဲ့ပြီး သီးခြားလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးအား ၂၀၂၆ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင် အခမ်းအနားအစီအစဉ်(၁၈)ရပ်ဖြင့် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website