Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့၊ သရေခေတ္တရာပျူမြို့ဟောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့၊ သရေခေတ္တရာပျူမြို့ဟောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်

ပြည် အောက်တိုဘာ ၇
=====================
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ(၇)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ သရေခေတ္တရာပျူမြို့ဟောင်းအား ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် များ စိတ်ဝင်စားပြီး ပိုမိုလာရောက် လည်ပတ်နိုင်စေရေးအတွက် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သရေခေတ္တရာပျူမြို့ဟောင်းသို့ ခရီးသွားများ ကျယ်ဝန်းလွတ်လပ်စွာ သွားလာနိုင် ရေး (၄)လမ်းသွားကားလမ်းဖောက်လုပ်နိုင်ရန် လမ်းအူကြောင်း ရှာဖွေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျူမြို့ဟောင်းရှိ နန်းတော်ရာကုန်းသို့ သွားရောက်၍ နန်းတော်ရာကုန်း ပြန်လည်တူးဖော်မည့် အစီအစဉ်များ၊ နန်းတော်ရာကုန်းပတ်လည် အတွင်းကျုံး ပြန်လည်တူးဖော်မည့် အစီအစဉ်များနှင့် အတွင်းကျုံးအား ရေအမြဲရှိစေရေး မူလရေဝင်ရေလွှဲ စနစ်အား ပြန်လည်ဖော်ထုတ်နိုင်ရေး ဦးသောမကန်၊ ရဟန္တာကန်နှင့် ကြာကန် တည်ရှိနေမှုတို့ ကြည့်ရှု စစ်ဆေးခဲ့ပြီး ရှေးမူမပျက် စနစ်တကျ တူးဖော်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျူမြို့ဟောင်းအတွင်း၌ (view Point) ပြုလုပ်မည့် သောင်းပြည့်ကုန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျ မြေပြင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ ၎င်းနောက် ပျူမြို့ဟောင်း မြို့ဝင်တံခါးပေါက်၊ မြို့ရိုးနှင့်ကျုံး ပြန်လည်ဖော်ထုတ်နိုင်ရေး မှုတ်ရှည်မြို့ဝင်တံခါးပေါက်၌ ကျူးကျော်နေအိမ်များ ဖယ်ရှားရှင်းလင်းမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး သတ်မှတ်ရှေးဟောင်းဧရိယာအတွင်း ကျူးကျော် နေထိုင်မှုများမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ရေတွန်းစက်ရုံအနောက်ဘက် ဧရာဝတီမြစ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ကမ်းပြိုကမ်းစားမှုမရှိစေရေး သဲသောင်ခုံများ တူးဖော်ရန်နေရာနှင့် ဧရာတီမြစ်ကမ်းတစ်လျှောက် ဒေသခံပြည်သူများ အပန်းဖြေစေရန် ကမ်းနားလမ်းအား အဆင့်မီကမ်းနားလမ်းအဖြစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေ မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။