Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူး ဒီဇင်ဘာ ၂၂

===========

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းက ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

          ရှေးဦးစွာ ဖားစည်(၉)ချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတို့အား အလံတိုင်ထိပ်သို့လွှင့်ထူကာ အခမ်းအနား တက်ရောက်လာကြသူများက အလေးပြုကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ယနေ့သည် ကရင်တိုင်းရင်းသား လူမျိုးများ၏ (၈၄)ကြိမ်မြောက် ကရင်နှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပြီး နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကောင်းခြင်းမင်္ဂလာများနှင့် ကြိုဆိုသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ (၁၉၃၈) ခုနှစ်မှစတင်၍ နှစ်စဉ် ပြာသိုလဆန်း(၁)ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကာ နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် တရားဝင်ကျင်းပပြုလုပ် ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းမှာ ကရင်တိုင်းရင်းသား များအပါအဝင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြပြီး တိုင်းရင်းသားလူမျိုးများအားလုံး၏ ဓလေ့ ထုံးတမ်းများ တူညီမှုများမရှိသော်လည်း မိသားစုစိတ်ဓာတ်ဖြင့် အတူတကွချစ်ကြည်ရင်းနှီးစွာ နေထိုင် လျှက်ရှိကြောင်း၊ ကရင်တိုင်ရင်းသား ညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် မိမိတို့ရဲ့ စာပေ၊ ဘာသာ စကား၊ ရိုးရာဓလေ့ထုံးတမ်း၊ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက် ပြီး အခြားသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ အတူတကွ ပူးပေါင်း ပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ကရင်တိုင်းရင်းသား ဘာသာသင်ဆရာမများက ကရင်နှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံနှင့် ကရင်အမျိုးသားအလံ၊ ဖားစည်၊ ကျွဲချိုတို့၏ အဓိပ္ပါယ်များကို ရှင်းလင်းဖတ်ကြားခဲ့ကြသည်။

          ယင်းနောက် ပဲခူးမြို့နယ်၊သရက်ကုန်းကျေးရွာဒုံးယိမ်းအဖွဲ့က “မိုးသောက်ကြယ်” အမည်ဖြင့် အလုပ် သမား၊လယ်သမားများ လုပ်ငန်းခွင်ဝင်ရန် နှိုးဆော်သည့်သီချင်းဖြင့်လည်းကောင်း၊ ပဲခူးမြို့နယ်၊ ဘုရားသုံးဆူ ကျေးရွာ ဒုံးယိမ်းအဖွဲ့က “ထိန်းသိမ်းကာကွယ် အမျိုးသားရန်စွယ်” အမည်ဖြင့် အမျိုး၊ဘာသာ၊သာသနာများ မညိုးနွမ်း မပျောက်ပျက်စေရေး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် နှိုးဆော်သည့်သီချင်းဖြင့်လည်း ကောင်း၊ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာဒုံးယိမ်းအဖွဲ့က “စည်လုံးခြင်းသည်အင်အား”အမည်ဖြင့် ရရှိပြီး သော လွတ်လပ်ရေးနှင့် တိုင်းရင်းသားချစ်ကြည်ရင်းနှီးမှုအား အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေထိုင်သွားကြရန် နှိုးဆော်သည့် သီချင်းဖြင့်လည်းကောင်း၊ ညောင်လေးပင်မြို့နယ်၊ ဒုံးယိမ်းအဖွဲ့က “ထိန်းသိမ်းစို့လေ ရိုးရာအမွေ” အမည်ဖြင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အမွေအနှစ်များအား ထိန်းသိမ်း ကာကွယ်ရန် နှိုးဆော်သည့်သီချင်းဖြင့်လည်းကောင်း အသီးသီး ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြ သည့် ဒုံးယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့ရာ၊ ညောင်လေးပင်ခရိုင် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များအား ကရင်တိုင်းရင်းသားရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။