Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း ဝါသီးနှံ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း ဝါသီးနှံ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၄

======================

          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၀)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း ဝါသီးနှံ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် သီးနှံစုံစိုက်ပျိုး သည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ စီမံကိန်းဝင်သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရန် လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ဆန်ဖူးလုံမှုရှိသော်လည်း ခေတ်အဆက်ဆက် ဆီဖူလုံမှုသည် (၉၇)ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုအခါနေကြာမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းပေးနိုင်ခဲ့သဖြင့် ဆီဖူလုံမှု(၁၀၂)ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဝါသီးနှံစိုက်ပျိုးရာတွင်လည်း အမှန်တကယ် အထွက်နှုန်းကောင်းပြီး တောင်သူများအတွက် တွက်ချေကိုက်သည့် ချည်မျှင်ရှည်ဝါ Raka F1 (၆၆၆)မျိုးကို လာမည့်ဝါစိုက်ရာသီအမီ ဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်စုဆောင်းထားရှိရန်နှင့် စိုက်ပျိုးရေအား ရရှိနိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စပါးနှင့်အခြားသီးနှံ စိုက်ပျိုးမြေထိခိုက်မှုမရှိဘဲ ချည်မျှင်ရှည် ဝါများ တိုးချဲ့စိုက်ပျိုးသွားရန် လိုအပ်သဖြင့် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များမှ မြေပြင် ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဝါကြီး စိုက်ပျိုးမှုလျော့ချရေးနှင့် ချည်မျှင်ရှည်ဝါတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိစေရေး Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက နှစ်အလိုက် စီမံချက်များချမှတ်၍ ဆောင်ရွက်သွားရမည့် နည်းလမ်းများအား အကြံပြု တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ချည်မျှင်ရှည်ဝါ (၂၅၂၄)ဧကသာ စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝါစိုက်နေရာများ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခြင်း၊ သွင်းအားစုထောက်ပံ့ခြင်းနှင့် မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်ပေး ခဲ့သဖြင့် ချည်မျှင်ရှည်ဝါ(၇၁၂၅)ဧကအထိ တိုးတက်စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် (၄၄၄.၃၆)ပိဿာ ထွက်ရှိ ခဲ့သဖြင့် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိကြောင်း သိရှိရသည်။

          ဆက်လက်၍ မွန်းလွဲပိုင်း၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် သနပ်ပင်မြို့သို့ သွားရောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင် လမ်းပေါ်ရှိပြီး သနပ်ပင်မြို့တွင်းတံတား တည်ဆောက်နေမှုနှင့် တာဝ ဆိုလာရေတင်စနစ် တည်ဆောက်နေမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများ အတိုင်း အရည်အသွေးပြည့်မီစေရေး QC စစ်ဆေးခြင်းကို စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။      ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီးကျေးရွာ၊ ဆောင်းရာသီလူငယ်ဘောလုံးပြိုင်ပွဲနှင့် ပဲခူးမြို့နယ်၊ စိုင်တီကျေးရွာ ဘောလုံး ပြိုင်ပွဲများသို့ သွားရောက်၍ ထောက်ပံ့ငွေကျပ်(၅)သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။