ပဲခူး ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် မိုးညိုမြို့နယ်၊ သရက်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆရာ/ဆရာမများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌတို့သည် မင်းလှ-မိုးညိုလမ်းအား ကွင်းဆင်းကြည့်ရှုခဲ့ရာ လမ်းပိုင်းဆိုင်ရာအချက်အလက်နှင့် ပြင်ဆင်ထိန်းသိမ်းခြင်းဆိုင်ရာ အခြေအနေများ လမ်းဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး မင်းလှ- မိုးညိုလမ်းပိုင်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် မိုးညိုမြို့နယ်၊ ဥယျာဉ်စုကျေးရွာ၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေး လုပ်ငန်းရှင် ဦးဟိန်းမင်းထက်၏ အသားတိုးဝက် (၉၆)ကောင် အောင်မြင်စွာ မွေးမြူထားရှိမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် မွေးမြူနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။ ၎င်းနောက် ဘုရားကြီးကုန်း ခအောင်းပင်တာ ကြံ့ခိုင်မှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရေကင်းများ အလိုက် သဲအိတ်၊ ဝါးကတ်များ ပြည့်စုံစွာထားရှိရန်နှင့် နေ့စဉ်မပြတ် တာကြံ့ခိုင်မှုများအား စစ်ဆေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေနှင့်မွေးမြူရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်း၊ မိုးညို-နတ်တလင်း လမ်းပေါ်ရှိ မြစ်သာပေါက် တံတားတည်ဆောက်ရေးလုပ်ငန်း ရှင်းလင်းဆောင်၌ တံတား အထူးအဖွဲ့(၁၀) တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီးရေးမှာကြားခဲ့ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် ညောင်လေးပင်ကျေးရွာအုပ်စု၌ နှမ်းရိတ်သိမ်းနေသည့် တောင်သူများအား တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မိုးညိုလေးကျေးရွာသို့ ရောက်ရှိခဲ့ပြီး မိုးကြိုနှမ်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာ၌ လုပ်ငန်းရှင် ဦးရွှေဝင်း၏ “ရွှေမြန်မာ” စပါးနှင့် ပဲအမျိုးမျိုး ခြွေလှေ့စက်ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အခြားလယ်ယာသုံးစက်ကိရိယာ များ တိုးချဲ့ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website