တောင်ငူ ဩဂုတ် ၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၃ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင် အထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ပျောရိုးချောင်း ကျေးရွာ၌ လုပ်ငန်းရှင် ဦးနိုင်လင်းဇော်၏ စွန့်ပစ်ပစ္စည်းမှ သံရည်ကျို လုပ်ငန်းမှ သံထည်ပစ္စည်းများ ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူ မြို့နယ်၊ လဲဘူးကျေးရွာသို့ ရောက်ရှိခဲ့ရာ စပါးစိုက်ဧကများ ဓာတုပိုးသတ်ဆေးသုံးစွဲမှု လျော့ချစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ထရိုင်ဂိုရားမား ဥကပ်ပါးနဂျီ အသုံးပြုစိုက်ပျိုးနိုင်ရေး အသိပညာ ပေးပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး ဒေသခံတောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူ များက ထရိုင်ဂိုရားမား ဥကပ်ပါးနဂျီပိုးလောင်းများ ဖြန့်ဝေပေးခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့၊ ကန်တော် ရပ်ကွက် ဦးမြင့်သူ၏ တန်(၆၀)ကျ “ကောင်းပြည့်” အဆင့်မြင့်ဆန်စက်အား စွန့်ပစ်စပါးခွံ့သုံး လျှပ်စစ် ထုတ်စက် Gasifier ဖြင့် လည်ပတ်နေမှုနှင့် ဒေါ်ခိုင် သဇင်နွယ်၏ “နန်းသူဇာ” ပဲမှုန့်နှင့် ပဲကြော်လုပ်ငန်း များသို့ သွားရောက်ကြည့်ရှအားပေးခဲ့ပြီး ထုပ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ အမှန်(၅)ရပ်ကွက်ရှိ ဦးသန်းနိုင်၏ သရဖူမုန့်တိုက်နှင့် မုန့်မျိုးစုံထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် အမယ်သစ်မုန့်များ အဆင့်အတန်းမီမီ ထုတ်လုပ်နိုင်ရေး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိခဲ့ပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ရာ ခရိုင်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဦးက တောင်ငူခရိုင် အထူးဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website