Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း Myanmar New Hope Farms Co., Ltd ၏ တိရိစ္ဆာန် မွေးမြူရေးအစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း Myanmar New Hope Farms Co., Ltd ၏ တိရိစ္ဆာန် မွေးမြူရေးအစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှု

ပဲခူး ဩဂုတ် ၆

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၆) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ပြည်ပစက်မှုဇုန်နယ်မြေတွင် တည်ဆောက်ထားသည့် Myanmar New Hope Farms Co., Ltd ၏ တိရိစ္ဆာန် မွေးမြူရေးအစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။

          ရှေးဦးစွာ   Myanmar New Hope Farms Co., Ltd ဧည့်ခန်းမ၌ မန်နေးဂျင်းဒါရိုက်တာ Mr. Wu Mao Lin က မိမိတို့စက်ရုံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှုအားပေးခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့ကုမ္ပဏီသည် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ပဲခူးဒေသတွင် လာရောက်ရင်းနှီးမြှုပ်နှံနေခဲ့ခြင်းဖြစ်ပြီး လက်ရှိအနေဖြင့် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး အစာစပ်လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများအဖြစ် ရပ်တည်လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုမ္ပဏီ၏အဓိကရည်ရွယ်ချက်မှာ ဒေသခံမွေးမြူရေးလုပ်ငန်းရှင်များ သင့်တင့်သည့်ဈေးနှုန်း ဖြင့် အရည်အသွေးပြည့်မီသော တိရိစ္ဆာန်အစားအစာများရရှိရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် မွေးမြူရေးလုပ်ကိုင်သူတိုင်း အောင်မြင်စွာရပ်တည်နိုင်ရေးဖြစ်ပါကြောင်း၊ လက်ရှိအနေဖြင့် တန်(၂၀၀၀)ကျ မွေးမြူရေးအစာစပ်စက်ရုံအပြင် ကြက်မျိုးထုတ်လုပ်ခြင်း၊ ဝက်သားပေါက်ထုတ်လုပ်ခြင်း၊ ဘဲသားပေါက် ထုတ်လုပ်ခြင်းများကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကကုန်ကြမ်းဖြစ်သည့် ဖွဲ၊ နှမ်းဖတ်၊ ဆန်ကွဲ၊ ပဲဖတ်၊ ပြောင်းဖူး၊ ငါးခြောက်မှုန့်များကို ပြည်တွင်းမှတိုက်ရိုက်ဝယ်ယူပြီး ငါးအရိုးမှုန့်နှင့် ဆေးဝါးအချို့ပစ္စည်းအနည်းငယ်ကိုသာ ပြည်ပမှမှာယူတင်သွင်းခြင်းဖြစ်ပြီး ကုန်ကြမ်းဝယ်ယူမှုအနေဖြင့် ပြည်တွင်း၌(၇၀)ရာခိုင်နှုန်း၊ ပြည်ပမှ(၃၀)ရာခိုင်နှုန်း မှာယူလျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့လုပ်ကိုင် ဆောင်ရွက်လိုသဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်မီးအတွက် လိုအပ်သော ထရန်စဖော်မာ တပ်ဆင်အသုံးပြုခွင့်ရရှိရေး လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြဆွေးနွေးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုများ ပတ်သက်ဆက်နွယ်ခဲ့သည့် အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်များပင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ထပ်မံ၍ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများကိုလည်း ဖိတ်ခေါ်ပါကြောင်း၊ ပြင်ပတွင် တိရိစ္ဆာန်အစာများ ဈေးနှုန်း ကြီးမြင့်နေမှုများ ကြားသိနေရ၍ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသခံမွေးမြူရေး လုပ်ကိုင် နေသူများ၏ အခက်အခဲများကို တစ်ဘက်တစ်လမ်းမှ ကူညီဖြေရှင်းပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား ဆောင်ရွက်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ကိုင်သူနှင့် မွေးမြူရေးလုပ်ကိုင်သူတို့၏ အခက်အခဲများသည် မဖြစ်မနေဖြေရှင်းပေးရမည့် တာဝန်ရှိကြောင်း၊ ပဲခူးဒေသမှ ထွက်ရှိသည့် ကြက်၊ဘဲ၊ဝက်၊ ကြက်ဥ၊ ဘဲဥ၊ ငါး တို့သည် မြန်မာနိုင်ငံ၏ သားငါးဈေးကွက်ကို အဓိက‌ထောက်ပံ့ပေးနေရပြီး တိရိစ္ဆာန်အစာများ ဈေးနှုန်းကြီးမြှင့်ပါက သားငါး၊ ကြက်ဥ၊ ဘဲဥတို့ ဈေးနှုန်းကြီးမြှင့်နိုင်မည်ဖြစ်၍ အခြေခံလူတန်းစားများ အတွက် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း၊ သယ်ယူပို့ဆောင်ရေး အခက်ခဲများကြောင့် တိရိစ္ဆာန်အစာများ ဈေးနှုန်းကြီးမြှင့်ရခြင်းဖြစ်ပါက မိမိတို့တိုင်းဒေသကြီးအစိုးရအနေဖြင့် ကုန်ကြမ်း သယ်ယူပို့ဆောင်ရေးတွင် ကြန့်ကြာမှုမရှိစေရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လတ်တလော စက်ရုံအတွက်လိုအပ်သည့် ထရန်စဖော်မာအား အမြန်ဆုံးတပ်ဆင်ပေးနိုင်ရေး ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း စီစဉ်လျက်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် Myanmar New Hope Farms Co., Ltd မှ တာဝန်ရှိသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ လသာအေးကျေးရွာရှိ ဦးစိုးနိုင်ဝင်း၏ ဥစားကြက်ကောင်ရေ(၂၅၀၀၀) မွေးမြူထားသည့် မွေးမြူရေးခြံနှင့် ဥစားကြက်သားပေါက်ကောင်ရေ(၁၀၀၀၀)ပြုစုစောင့်ရှောက်နေမှု အခြေအနေတို့အား သွားရောက်ကြည့်ရှု ခဲ့ပြီး  မျိုးကောင်းမျိုးသန့်ရရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် ကြက်စာအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ လွယ်ကူစွာရရှိစေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေး ခဲ့ကြောင်း သတင်းရရှိသည်။