Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၈

================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဆပ်ကော်မတီများလည်း ဖွဲ့စည်းထားပြီးဖြစ် ကာ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများအား ထိရောက်စွာဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ ယာဉ်တိုက်မှုကြောင့် အသက်နှင့်လူမှုစီးပွားဘဝများပျက်စီးဆုံးရှုံးခြင်းသည် တန်ဖိုးဖြတ်၍မရသည့် တိုင်းပြည်၏ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုဖြစ်ကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC)၏ (၂၀၁၂-၂၀၂၃) လုပ်ငန်းစီမံချက်ပါ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယာဉ်တိုက်မှု များ လျော့နည်းလာစေရေးအတွက် အမြန်လမ်းမကြီး၊ အဝေးပြးလမ်းမကြီးများနှင့် မြို့တွင်းလမ်းများကို အဆင့်မြှင့်တင်ခြင်း၊ လမ်းလယ်ကျွန်း(ပန်းခုံနှင့်စတီတန်း)များ ပြုလုပ်ပေးခြင်း၊ လမ်းဘေးတစ်လျှောက် အနှေးယာဉ်မောင်းနှင်ရမည့် အမှတ်အသားများ ပြုလုပ်ပေးခြင်း၊ လူသွားလမ်း ပလက်ဖောင်းများ ပြုလုပ် ပေးခြင်း၊ CCTV ကင်မရာနှင့် အချက်များမီးပွိုင့်အသစ်များ တပ်ဆင်ပေးထားခဲ့ပြီဖြစ်ကြောင်း၊ အပ်နှံရမည့် ယာဉ်အို/ယာဉ်ဟောင်းများ၊ မောင်းနှင်ရန်မသင့်သည့် စက်တပ်ယာဉ်များ/ဆိုင်ကယ်များ၊ လိုင်စင်မဲ့ မော်တော် ယာဉ်/မော်တော်ဆိုင်ကယ်များအား ထိရောက်စွာ စိစစ်အရေးယူရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ယူရ သည့် ဒေသအလိုက် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး မျက်ကွယ်များ၊ လမ်းကွေ့များနှင့် လမ်းဆုံများတွင် ယာဉ်တိုက်ခိုက်မှုမရှိစေရေး ပြန်လည်အဆင့်မြှင့်တင်ပေးရမည့် အခြေအနေများကို တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၊ အတွင်းရေးမှူးက တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှုနှင့် ကာလတူ ယာဉ် အန္တရာယ်ဖြစ်ပွားခဲ့မှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေးဆပ် ကော်မတီ၊ သုတေတနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီတို့၏ ဥက္ကဋ္ဌများက တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အသီးသီးအကြံပြုတင်ပြ ဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် အဖွဲ့ဝင်များက ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။