Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်း အနားသို့ တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်း အနားသို့ တက်ရောက်ချီးမြှင့်

ပဲခူး ဖေဖော်ဝါရီ ၂

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဖေဖော်ဝါရီလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်းဘေးမဲ့တော၊ ကြိုးကြာခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် ချီးမြှင့်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးရိုးမသည် နိုင်ငံအတွင်း ပထဝီအနေ အထားအရ ဧရာတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူး-စစ်တောင်းမြစ်ဝှမ်းဒေသနှင့် မုတ္တမပင်လယ်ကွေ့ဒေသများ၏ ရေဝေရေလဲအတွက် အထောက်အကူဖြစ်ပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်၊ တမံများ ပေါများခြင်း၊ ကုန်းတွင်းရေဝပ်ဒေသလည်းရှိသဖြင့် ကောင်းမွန်သော ဂေဟစနစ်ပိုင်ဆိုင်ထားကာ စားနပ်ရိက္ခာဖူလုံစေရေး အတွက် အဓိကအရင်းအမြစ်ဒေသတစ်ခုဖြစ်ကြောင်း၊ မိုးယွန်းကြီးအင်းသည် ဒေသခံပြည်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများအတွက် ပံ့ပိုးဖြည့်ဆည်းပေးနေသည့်အပြင် ဌာနေရေပျော်ငှက် များ၊ ကမ္ဘာ့မြောက်ခြမ်းနှင့် တောင်းခြမ်းတို့မှ ဆောင်းခိုငှက်များ၊ မိုးခိုငှက်များ ခိုလှုံကျက်စားနေထိုင်နိုင်သည့် နယ်မြေတစ်ခုဖြစ်ကြောင်း၊ ဆောင်းခိုငှက်များ အစာပေါများစွာ ရရှိစေရန်နှင့် ငါးသယံဇာတများ ရေရှည် တည်တံ့ခိုင်မြဲစေရေး ဒေသရင်းငါးမျိုးများကိုလည်း နှစ်စဉ်ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ရေဝပ်ဒေသများသည် လူနှင့်သဘာဝပတ်ဝန်းကျင်ကို များစွာအထောက်အကူပြုနေသဖြင့် ရေသယံဇာတ ထုတ်ယူခြင်းနှင့်ထိန်းသိမ်းကာကွယ်ခြင်းကို ဟန်ချက်ညီညီဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့(World Wetlands Day)နေ့ ကျင်းပပြုလုပ်ရခြင်းအား ရှင်းလင်း တင်ပြခဲ့ပြီး ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်း အသိပညာပေး ဗီဒီယိုအား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့(World Wetlands Day)နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးယွန်းကြီးအင်းအတွင်းသို့ စက်လှေများဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြပြီး မြန်မာမျက်လုံးလိပ်(၁၀၀)ကောင်နှင့် စင်းလျောလိပ်(၄၆)ကောင်တို့အား မိုးယွန်း ကြီးအတွင်း ဇီဝိတဒါန လွတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။