Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဒိုက်ဦး ဖေဖော်ဝါရီ ၃

===================

          တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၂)ရက်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးကျေးရွာ၌ ဆောင်းနေကြာ (ဆင်းရွှေကြာ-၂)သီးသန့်စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ အထွက်ကောင်း မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် သီးသန့်နေကြာစိုက်ခင်းများ တိုးချဲ့ဆောင်ရွက်သွားရန် တာဝန်ရှိသူမျာအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာ၊ နွေစပါး (ဆင်းသုခ)မျိုးစေ့ထုတ်စိုက်ခင်း စုပေါင်းမြေဩဇာကြဲပတ်ပွဲအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများ နှင့် တွေ့ဆုံ၍ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်မှုရှိစေရေး၊ Drum Seeder ဖြင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ကွင်းတစ်ဆက်တည်း မျိုးတူစပါးမျိုးကိုသာ စိုက်ပျိုးနိုင်ရေး အသိပညာပေးရန်နှင့် သီးခြားလိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအား မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာမကျေးရွာ၌  တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေကျပ်(၁၆၃.၀၄)သန်းဖြင့် စက်မှုလယ်ယာစနစ်ကျလယ်မြေ(၁၂၀)ဧက ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စီမံကိန်းရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးချိန်အမီ လုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ပြီး ဒေသခံတောင်သူ လယ်သမား၏ လူမှုစီးပွားဘဝများ မြှင့်တင်ပေးနိုင်ရေး စက်မှုလယ်ယာစနစ်ကျလယ်မြေများ ဖော်ထုတ်ပေး ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှ အထွက်နှုန်းကောင်း ရက်(၉၀)မျိုးစပါးများ၊ စိုက်ပျိုးရေလိုအပ်ချက် များနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူစိတ်ကြိုက် သွင်းအားစုများကို စိုက်ပျိုးချိန်မီရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ ပြန်လည်တင်ပြချက်များ အပေါ် သက်ဆိုင်ရာဌာနဆို်ငရာများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာရှိ ဦးမောင်ကြည်၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ခဲ့ပြီး ဒေသကြက်ကောင်ရေ(၁၅၀၀)မွေးမြူ နေမှု၊ နို့စားနွားကောင်ရေ(၂၀)မွေးမြူထားရှိမှုနှင့် တိရစ္ဆန်အစာအဖြစ် နေဗီယာမြက်(၂)ဧက စိုက်ပျိုးထား ရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ကြက်လည်လိမ်ကာကွယ်ဆေးများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။