Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် ဖေဖော်ဝါရီ ၂၂

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၌ အစေ့ချစနစ်ဖြင့် နွေစပါး(၁၀၀)ဧက စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ ကြဲခင်းများလျော့ချပြီး ပျိုးထောင်စနစ်၊ အစေ့ချစိုက်ပျိုးစနစ်များအား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုစေရေး ဆောင်ရွက်ရန်နှင့် တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်နှင့် ဒေသ ကြက်မွေးမြူရေးတွဲဖက်ဆောင်ရွက်နိုင်ရေး အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

         ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၌ ဘက်စုံမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိရစ္ဆာန်ရောဂါ ကူးစက်မှုမရှိစေရေး ကြားခံနယ်မြေ သီးခြားထားရှိရန်၊ သောက်သုံးရေနှင့် လျှပ်စစ်မီးအား ဆိုလာစနစ်ဖြင့် အသုံးပြုရန်၊ သစ်တောသစ်ပင် ပြုန်းတီးမှုမရှိစေရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေး အထူး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးနှင့် စိန်ဖူးတော်အား သွားရောက် ဖူးမြော်ကန်တော့ခဲ့ပြီး စေတီတော်ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

             ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ ကြာနှီကန်ရပ်ကွက်၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်း နောက်       ရွှေတောင်မြို့နယ်၊ ပုရပိုက်တန်းကျေးရွာအနီး ဧရာဝတီမြစ်ရေ တိုက်စားမှုကာကွယ်ရန်နှင့် ရေကြောင်းကောင်းမွန်စေရေး သဲအိတ်ခံ(Geo-mattress)နှင့် သဲနှုန်းတူးဖော်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မိုးရာသီမရောက်မီ အချိ်နမီပြီးစီးရေးနှင့် လုပ်ငန်းခွင့်အန္တရာယ် ကင်းရှင်းစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့မဈေးသို့သွားရောက်၍ ဈေးရုံများ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေးနှင့် ပုဆိုးတန်းလမ်းတွင် ကျူးကျော်ဈေးရောင်းချမှုမရှိစေရေး ဈေးတာဝန်ခံ များအား မှာကြားခဲ့ပြီးနောက် မြရွာကျေးရွာ၌ ဧရာဝတီမြစ် ဆိပ်ခံတံတား တည်ဆောက်မည့်နေရာအား ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်မည့်ဒီဇိုင်းပုံစံ၊ မြေပုံကြမ်းတို့နှင့်တကွ တွက်ချက်တင်ပြရန် သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်မြို့နယ်၊ ငွေသပြာကျေးရွာအနီး၌ နွေစပါး(၃၈၀)ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၃၈၈)သန်းဖြင့် တည်ဆောက်ပြီးခဲ့သည့် ဆိုလာရေတင်စနစ်စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူလယ်သမားများနှင့်တွေ့ဆုံကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအတွက် တန်ဖိုးငွေ(၂)သိန်းကျပ်နှင့်တူညီသော တောင်သူစိတ်ကြိုက် သွင်းအားစုရရှိရေး၊ နွေစပါးအား အစေ့ချစနစ်ဖြင့် စိုက်ပျိုးရန်၊ မျိုးကောင်းမျိုးသန့် ရက်(၉၀) စပါးမျိုး ရရှိနိုင်ရေးနှင့် စိုက်ပျိုးနည်းစနစ်များ အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ သရေခေတ္တရာပျူမြို့ဟောင်းရှိ ရှေးဟောင်းကျုံးတူးဖော်နေမှုနှင့် ရှေးဟောင်းနယ်မြေဧရိယာအတွင်း ခြံစည်းရိုးခတ်နေမှုတို့အား ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်ဧရိယာအတွင်း ကျူးကျော်ဆောက်လုပ်မှုမရှိစေရေးနှင့် မြေစာရင်းမြေပုံဖြင့် စနစ် တကျ မှတ်တမ်းတင်ထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးပုရဝဏ်အတွင်း လေးထပ်ဓမ္မာရုံကျောင်းဆောင် တည် ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိ်နစံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူ များအား လမ်းညွန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။