Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မတ် ၃၁ သာယာဝတီ
=====================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၃၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့၊ သဲဖြူကျေးရွာရှိ ဦးဇော်ထွန်းဝင်း၏ စီးပွါးဖြစ် ဒေသကြက်မွေးမြူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက် စိုက်ပျိုးနိုင်ရေး၊ ဒေသကြက်မွေးမြူသူ အစုအဖွဲ့များ ဖွဲ့စည်း၍ မွေးမြူရေးချေးငွေ ရရှိနိုင်ရေး နှင့် တိရစ္ဆာန်ရောဂါကူးစက်မှုမရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စုရှိ သက်တမ်းတို အထွက်တိုး ရက်(၉၀)နွေစပါး မျိုးစေ့ထုတ် စိုက်ခင်းနှင့် မင်းလှမြို့နယ်၊ ဝက်လှကြီးကျေးရွာအုပ်စုရှိ ရတနာတိုး နွေစပါး မျိုးစေ့ထုတ် စိုက်ခင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသီးနှံအလိုက် ပံ့ပိုးပေးသွားမည့် အစီအစဉ်များ၊ ကြဲခင်းစနစ်လျှော့ချရေးနှင့် စပါး စိုက်ပျိုး၍မရသည့် မြေနေရာများတွင် အထွက်တိုးဗီယက်နမ်မျိုး မြေပဲအား စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ကြို့ကုန်း(၁)ကျေးရွာ အုပ်စုရှိ ကုန်မြင့်လယ်မြေများအား ရေသွယ်မြောင်းတူးဖော်၍ ရာသီအလိုက်သီးနှံများ စိုက်ပျိုးနိုင်ရေး တွက်ချက် တင်ပြရန်နှင့် မင်းလှ-မိုးညိုလမ်းပိုင်းအား ပြန်လည်ပြုပြင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။ ၎င်းနောက် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိခဲ့ပြီး မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်တွေ့ဆုံ၍ ဒေသခံတောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး ဧရာဝတီမြစ်နှင့် မြစ်မခမြစ်ကြားရှိ မြေနုကျွန်းဟောင်းများတွင် ဆီထွက်သီးနှံ (နေကြာ၊ မြေပဲ၊ နှမ်း)တို့ စိုက်ပျိုးနိုင်ရေး မြေပြင်ရှင်းလင်းရေးလုပ်ငန်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဖော်ဆောင် ပေးနိုင်ရေး မြေပြင်ကွင်းဆင်းတွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထက(မိုးညို)သို့ သွားရောက်၍ အခြေခံ ပညာမူလတန်း ဆရာ/ဆရာမများ စွမ်းရည်မြှင့်မွမ်းမံသင်တန်း တက်ရောက်သင်ကြားနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ကျောင်းတွင်းပတ်လမ်း ကွန်ကရစ်ခင်းပေးရန်၊ ကျောင်းခြံစည်းရိုး ပြန်လည်ပြင်ဆင်ပေးရန်၊ စာသင်ခုံများ ပြန်လည်ပြုပြင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကလေးကစားကွင်း အသစ်တစ်ခု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ သင်တန်းသား ဆရာ/ဆရာမများအတွက် ငွေကျပ် သိန်း(၂၀) ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ထိန်တောတိုက်နယ်ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်း များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ထိန်တောဈေး ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက် ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မိုးညို-ထိန်တော-လက်ပံတန်း လမ်းတစ်လျှောက်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးများသည့်ဒေသဖြစ်၍ ကွန်ကရစ်လမ်းခင်းသည့် လမ်းဘေးဝဲယာတစ်လျှောက် လမ်းမြေသားလျောကျမှုမဖြစ်စေရေး Step Berm အား သတ်မှတ်စံချိန်စံညွှန်း အတိုင်း စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ခမုံမြစ်ကျိုး အင်းသို့ ရောက်ရှိခဲ့ပြီး အင်းဘေးတစ်လျှောက်ရှိ ကုန်းမြင့်စိုက်ပျိုးမြေများအား ဆိုလာရေတင်စနစ်ဖြင့် မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစိစစ်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။