Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧပြီ ၆ ပဲခူး

===============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဧပြီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ ဖြူးမြို့၊ ဘိုးဘွားရိပ်သာသို့ ရောက်ရှိခဲ့ပြီး အစောင့်အရှောက်ခံ အဘိုးအဘွားများအား နွေးထွေးစွာ နှုတ်ဆက်အားပေး စကား ပြောကြားခဲ့ပြီး အဘိုးအဘွားများအား နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှုစစ်ဆေးရန်၊ ဆေးဝါး လိုအပ်ချက် ကူညီပံ့ပိုးပေးရန်၊ သန့်ရှင်းသော သောက်သုံးရေရရှိစေရေး ဆောင်ရွက်ရန်နှင့် ဘိုးဘွားရိပ်သာ သန့်ရှင်း သပ်ရပ်မှုရှိစေရေး ကူညီဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး အဘိုးအဘွား များအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖြူးမြို့၊ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်းရုံးသို့ ရောက်ရှိခဲ့ပြီး စည်းအဝေးခန်းမ၌ သမဝါယမအသင်းသားများနှင့်တွေ့ဆုံခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်က လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း စတင်တည် ထောင်ခဲ့မှု၊ လက်ရှိအသင်း၏ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ချေးငွေရရှိမှု ပြန်လည်ပေးဆပ်မှုအခြေအနေတို့အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသင်းပိုင် စိုက်ပျိုး မြေအတွင်း ကျူးကျော်မှုမရှိစေရး၊ စိုက်ပျိုးမြေများအားလုံး သုံးသီးစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး အသင်းပိုင်စိုက်ပျိုးမြေများအား လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇)ရရှိရေး အမြန်ဆုံးတင်ပြရန်၊ စနစ်ကျလယ်ယာမြေ ဖော်ထုတ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ပြီး စျေကွက် ဝင်၍ အထွက်ကောင်းပြီး သက်တမ်းတိုသည့် စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ စပါးစိုက်ပျိုး၍ မရသည့် မြေနေရာများတွင် ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ သဘာဝမြေဩဇာများ ထုတ်လုပ်သုံးစွဲရန်၊ အစုအဖွဲ့စနစ်ဖြင့် မျိုးစေ့ ထုတ်စိုက်ခင်းများ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ဖြူးမြို့နယ်၊ ကျီးမနိုးကျေးရွာအုပ်စုရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ပေးထားသည့် ဆိုလာရေတင်စက်ဖြင့် စိုက်ပျိုးအောင်မြင်နေသည့် လူငယ့်အားမာန် စိုက်ပျိုးရေး နှင့်လုပ်ငန်းစုံသမဝါယမအသင်းပိုင် နွေစပါး၊ နွေနှမ်း၊ ပိုက်ဆံလျှော်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။