Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သင်္ကြန်အကျနေ့တွင် ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၌ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုများအား လှည့်လည်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သင်္ကြန်အကျနေ့တွင် ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၌ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုများအား လှည့်လည်ကြည့်ရှုအားပေး

ပဲခူး ဧပြီ ၁၄

=============

      ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည်   ဧပြီလ(၁၄)ရက်နေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းက အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ သင်္ကြန်အကျနေ့တွင် ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များတွင် ယိမ်းအဖွဲ့များကပြနေမှု၊ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစား‌နေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် မိသားစုများ ၏ ရေကစားမဏ္ဍပ်သို့သွားရောက်ပြီး တပ်မတော်မိသားစုယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှု၊ ရေကစားနေမှု နှင့် စတုဒီသာကျွေးမွေးနေမှုများကို သွားရောက်ကြည့်ရှု့အားပေးပြီး တပ်မတော်မိသားစုဝင် ယိမ်းအဖွဲ့များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်ဖွဲ့ဝင်မိသားစု များက ဝန်ကြီးချုပ်ထံ ဂုဏ်ပြုပန်းခြင်း ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်သို့သွားရောက်၍ ဌာနဆိုင်ရာများ၏ ဖျော်ဖြေရေးယိမ်း အဖွဲ့များနှင့် ရပ်ကွက်အသီးသီးရှိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက သီဆိုကပြဖျော်ဖြေခြင်း၊ နိုင်ငံကျော်တေးသံရှင် များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပြည်သူများ လွတ်လပ်စွာ ပါဝင်ရေကစားနေမှုတို့အား ကြည့်ရှု အားပေးခဲ့ပြီး သီဆိုကပြဖျော်ဖြေ တင်ဆက်ခဲ့သည့် ယိမ်းအကအဖွဲ့များအား ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့အတူ ပဲခူးမြို့ပြည်သူ့ဆေးရုံလမ်းထောင့်ရှိ တိုင်းဒေသကြီးစီးပွားရေးဝန်ကြီးဌာန ရေကစား မဏ္ဍပ်တွင်လည်း ရေကစားသူများဖြင့် စည်ကားလျှက်ရှိသည့်အပြင် ရေကစားလာသူပြည်သူများအား စတုဒီသာများဖြင့်ဧည့်ခံကျွေးမွေးခြင်း၊ လမ်းလျှောက်အတာသင်္ကြန်ရှိ ဌာနဆိုင်ရာရေကစားမဏ္ဍပ်နှင့် စတုဒီသာမဏ္ဍပ်များတွင်လည်း စတုဒီသာလာရောက်သုံးဆောင်သူများ အထူးစည်ကားလျှက်ရှိပြီး ရပ်ကွက်/ လမ်းများအလိုက် အများပြည်သူ ရေကစားမဏ္ဍပ်တို့တွင်လည်း ရေကစားသူများ၊ ရေပတ်ခံထွက်သူများဖြင့် စည်ကားသိုက်မြိုက် ၏လျှက်ရှိကြောင်း သတင်းရရှိသည်။