Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံအဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံအဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဧပြီ  ၂၂

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဧပြီလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံအဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်နှစ်(၃)သီး  စိုက်ပျိုးနေသည့် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စုရှိ တောင်သူဦးကျော်စိုး၏ တစ်ဧကစပါး (၁၁၂)တင်းထွက်ရှိသည့် ရက်(၉၀)မျိုး နွေစပါးရိတ်သိမ်းနေမှုနှင့် မင်းလှမြို့နယ်၊ ညောင်နီကုန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးထွန်းဇော်မင်း ရက်(၉၀)နွေစပါး Drum Seeder ဖြင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုတို့အား ကြည့်ရှု အားပေးခဲ့ပြီး စိုက်ပျိုးရေများ လေလွင့်မှုမရှိစေရေး စနစ်တကျသုံးစွဲရန်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် မင်းလှမြို့နယ်၊ သရောဂျီကျေးရွာရှိ ဦးအောင်စိုး၏ အသားတိုးဝက် မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ပြီး ခြံလှောင်စနစ်ဖြင့် စနစ်တကျ မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိရိစ္ဆာန်ရောဂါ ကူးစက်မှုမရှိစေရေး၊ အစားထိုးဖြည့်စွက်စာ ထုတ်လုပ်နိုင်ရေးနှင့် နေဗီယာမြက်စိုက်ပျိုးနိုင်ရေး တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။  ၎င်းနောက် ကြို့ပင်ကောက်မြို့၊ ပန်းတင်(၂)ရပ်ကွက်ရှိ ဒေါ်မြလေးပဲလှော်ဖိုသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ထုတ်ပိုးမှုစနစ် အဆင့်မြှင့်တင်နိုင်ရေး၊ FDA ထောက်ခံ ချက်ရရှိရေး၊ ပြည်ပဈေးကွက်သို့တင်ပို့နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တောင်ညိုဆည်ရေသောက် BDY-3 သဲနှုန်းဆယ်ခြင်းနှင့် ရေလျှံထိန်းတာဘောင်ပြုလုပ်၍ တစ်နှစ်(၃)သီး စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်း၊ ပြည်ပဈေးကွက်ဝင် အခြားသီးနှံများ ထပ်မံစိုက်ပျိုးကြရန်နှင့် တာဘောင်များ ရေရှည်အသုံးပြုနိုင်ရေး ထိန်းသိမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ငါးမျက်နှာ(ရွာလေး) ကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရှေးဟောင်းသောက်သုံးရေကန် ပြန်လည်တူးဖော် အဆင့်မြှင့်တင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး အရိပ်ရ သစ်ပင်များ စိုက်ပျိုးရန်၊ ကျွဲနွားဝင်ရောက်မှုမရှိစေရေး ခြံစည်းရိုးခတ်ရန်နှင့် ရေချိုအား စနစ်တကျ သိုလှောင်သုံးစွဲရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပန်းတောင်းမြို့နယ်၊ ပြည်-တောင်ကုတ်လမ်းပေါ်ရှိ ကြို့ကုန်းကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားချဉ်းကပ်လမ်းအား စနစ်တကျဆောင်ရွက်ရန်၊ တံတားအောက်ခြေ ရေတိုက်စားမှုမရှိစေရေးနှင့် ရေထွက်လမ်းကောင်းမွန်မှုရှိစေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။