Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် မေလ ၃၁

=============

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် မေလ (၃၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား/သူများ သက်တောင့် သက်သာ ပညာသင်ကြားနိုင်ရေးနှင့် သင်ထောက်ကူပစ္စည်း ပြည့်စုံမှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် နတ်တလင်းမြို့၊ ပြည်သူ့ဆေးရုံ တိုးချဲ့(၂)ထပ်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး သီးသန့်အထူးခန်းများ ထည့်သွင်းရန်နှင့် ဆေးရုံရှေ့ ခေတ်မီလှပသော Landscaping Design များဖြင့်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့ တိုက်နယ် ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆေးရုံတက်လူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကာ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ ဆေးရုံအတွင်းပတ်လမ်း ကွန်ကရစ်ခင်းပေးနိုင်ရေးနှင့် ဆေးရုံဝန်း အတွင်း  စိမ်းလန်းစိုပြေစေရေး အရိပ်ရသစ်ပင်များ စိုက်ပျိုးပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် အိုးသည်ကုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများ ကျောင်းအပ်လက်ခံနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စာသင်ခုံအဟောင်းများ ပြန်လည်ပြင်ဆင်နိုင်ရေး၊ ခေတ်မီကလေးကစားကွင်းတစ်ခု တပ်ဆင်နိုင်ရေး၊ ကျောင်းဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်၊ မြစ်မခမြစ်ဘေးရှိ ရေကြီးရေနက်ကွင်းနေရာများဖြစ်သော ရွှေလောင်းကျေးရွာအုပ်စု၊ ဒီလှိုင်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်း ကျေးရွာအုပ်စုနှင့် အင်းဘိုကုန်းကျေးရွာအုပ်စုတို့ရှိ (၁)နှစ်(၁)သီး စိုက်ပျိုးသည့် စုစုပေါင်း(၈၆၀)ဧကတွင် (၁)နှစ် (၂)သီး သီးထပ်စွမ်းအားမြှင့်တင်စိုက်ပျိုးနိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများ နှင့်တွေ့ဆုံခဲ့ကာ စိုက်ပျိုးရေရရှိရေး၊ တစ်ကွင်းတစ်ဆက်တည်းစိုက်ပျိုးနိုင်ရေး၊ စားဖိုဆောင်သီးနှံအပြင် ဆောင်းနှမ်း၊ ပဲတီစိမ်းစိုက်ပျိုးနိုင်ရေးနှင့် ကုန်ထုတ်လမ်းများ ကောင်းမွန်မှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။