Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့

တောင်ငူ ဩဂုတ် ၅

=================

            ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၅)ရက်နေ့၊ နံနက်ပိုင်းက  တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့သည်။

             ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ နတ်သျှင်နောင်ရပ်ကွက်၊ ဦးမြတ်သီဟ၏ မြတ်ပဲမုန့်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး ဘေးကင်း လုံခြုံသော အစားအစာဖြစ်စေရန် FDA ထောက်ခံချက်ရရှိရေး၊ ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေးနှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီးရရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက်  တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်မြေ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးခဲ့သောမိုးစပါးဧကများအတွက် လိုအပ်သော ပျိုးပင်နှင့် မျိုးစပါးရရှိရေး၊ ထိခိုက်ဧကများအား သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ ကင်းဆင်းစစ်ဆေးရန် နှင့် မန်းကျည်စင်ချောင်း ပြန်လည်တူးဖော်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ ဒေသခံ တောင်သူ များအား အစိုးရအဖွဲ့အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက် အသုံး ပြုပုံနှင့် ပျိုးထောင်မှုလုပ်ငန်းစဉ်များ၏ အသိပညာပေး ဗွီဒီယိုမှတ်တမ်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

             ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တောင်ငူမြို့၊ အမှတ်(၂၁)ရပ်ကွက်ရှိ ဦးအေးချမ်းအောင်၏ သံလွင်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော အာလူးကြော်လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး စျေးကွက်တိုးချဲ့နိုင်ရေးနှင့် စက်မှုလုပ်ငန်းများ တစ်စုတစ်စည်းတည်း ဆောင်ရွက်နိုင်ရေး  မြေနေရာရှာဖွေတင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာ၊ ဦးတင်အေး၏ ဥစားကြက် ကောင်ရေ(၄၀၀၀၀) မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ဒေသတွင်း အသားစားသုံးမှုဖူလုံစေရေး ဆိတ်မွေးမြူရေးနှင့် တိရစ္ဆာန်စွန့်ပစ္စည်းဖြင့် သဘာဝ မြေဩဇာထုတ်လုပ်၍ မြေလပ်မရှိ စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရန်နှင့် နေဗီယာမြက်တိုးချဲ့ စိုက်ပျိုးပြီး တိရစ္ဆာန်အစာထုတ်လုပ်ရန် လမ်းညွှန်မှာကြားခဲ့သည်။

              ယင်းနောက် ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်တွင် ညောင်လေးပင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ (၃)ထပ်အဆောက်အဦသစ် ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဦးလင်းထက်၏ ဒါနဟိတ တန်(၈၀)ကျ ဆန်စက်အား စပါးခွံစွန့်ပစ်ပစ္စည်းသုံး လျှပ်စစ်ဓါတ်အားပေးစက် Gasifier ဖြင့် လည်ပတ်နေမှုအား သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး စွန့်ပစ်ရေများ ပြန်လည်သန့်စင်နိုင်ရေး နည်းပညာပေးရန်၊ စပါးခွံမှ လောင်စာတောင့် တွဲဖက်ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ဘိုင်းဒါးစံပြ ကျေးရွာနှင့် နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း ဓါတ်မြေဩဇာနှင့် သဘာဝ မြေဩဇာပေါင်းစပ်ကြဲပတ် ခြင်းနှင့် သမန်းနိုးခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများအား အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက် အသုံးပြုပုံနှင့် ပျိုးထောင်မှုလုပ်ငန်း စဉ်များ၏ အသိပညာပေး ဗွီဒီယိုမှတ်တမ်းဖြင့် ရှင်းလင်းပြော ကြားခဲ့သည်။

           ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုင်းဒါးကျေးရွာ၌ ဦးဝင်းဌေး၏ ဒေသကြက်ကောင်ရေ(၂၀၀၀) မွေးမြူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်အစာအား နေဗီယာမြက်နှင့် ဒေသထွက်စပါးနှင့်ရောစပ်ကျွေးမွေးရန်နှင့် ထပ်မံတိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကြက်မျက်စဉ်းဆေးများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးကျေးရွာရှိ ဆင်းသုခမိုးစပါး မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း၌ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စုပေါင်းကြဲပတ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသ အလိုက် သက်တမ်းတိုပြီး ဈေးကွက်ဝင်ကာ အထွက်နှုန်းကောင်းသော မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများအား စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေး လွယ်ကူမြန်ဆန် သည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက် အသုံးပြုပုံနှင့် ပျိုထောင်ပုံအဆင့်ဆင့်တို့အား ဗွီဒီယိုမှတ်တမ်း ဖြင့် ဒေသခံပြည်သူများကို ရှင်းလင်းအသိပညာပေးပြသခဲ့ကြောင်း သတင်းရရှိသည်။