Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ စားသုံးကုန်များ ထပ်မံသွားရောက်ထောက်ပံ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ စားသုံးကုန်များ ထပ်မံသွားရောက်ထောက်ပံ့

ပဲခူး ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ စားသုံး ကုန်များ ထပ်မံသွားရောက်ထောက်ပံ့ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ ကလျာဏီသိမ်တော်ကြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်းနှင့် ကြေးနီကန်တိုက်အုပ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး၊ ထမင်းထုပ်များ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ဆန်၊ ဆီ၊ အသား/ငါး၊ ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေး အပ်သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်း ရပ်ကွက်အတွင်း ရေဝင်ရောက်မှုများအား စက်လှေများဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေပြန်လည် ကျဆင်းလာပြီဖြစ်သော်လည်း ပြည်သူများ ရေဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး၊ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းအလိုက် ချက်ပြုတ်စားသောက်နိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းပေး​ပြီး​ ရပ်ကွက် အတွင်း ကျန်ရှိသူများ အချိန်မီထမင်းထုပ်ရောက်ရှိစေရေးနှင့် ရေကျသွားသည့် ရပ်ကွက်/ကျေးရွာများတွင် တပ်မတော်သားများ၊ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖောင်တော်ဦးဘုန်းတော်ကြီးကျောင်းနှင့် အနောက်ရွှေနံ့သာဘုန်းတော်ကြီးကျောင်းများရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားကာ စားသုံးကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ပရဟိတအဖွဲ့များမှ ထမင်း/ဟင်းချက်ပြုတ်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ရေဘေးသို့ လာရောက်ကူညီ၍ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည့် လူမှုကယ်ဆယ်ရေးအသင်း (ရန်ကုန်)နှင့် အခြားပရဟိတအသင်းများအား သွားရောက်တွေ့ဆုံ၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတက္ကသိုလ် ဝန်ထမ်းအိမ်ရာအတွင်း ရေဝင်ရောက်ခဲ့မှုနှင့် အုတ်ခြံစည်းရိုးမြေထိန်းနံရံ ပြန်လည်တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး စာသင်ဆောင်များတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား တွေ့ဆုံအားပေးခဲ့ကာ ထမင်းထုပ်များ၊ ရေသန့်ဗူး များနှင့် သီးခြားလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။