Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ဖြည့်ဆည်းပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ဖြည့်ဆည်းပေး

ပဲခူး ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အဆင့်မြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာရှိ ငါးညီနောင် အဆင့်မြင့်မွေးမြူရေးခြံသို့ရောက်ရှိခဲ့ပြီး (DYL) အသားတိုးဝက်ကောင်ရေ(၃၀၀၀)၊ ဥစားကြက် ကောင်ရေ(၁၀၀၀၀၀)နှင့် ငါးကောင်ရေ(၈၉၀၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး နေဗီယာမြက် တိုးချဲ့စိုက်ပျိုးရန်၊ ထုတ်လုပ်သည့် အသား/ငါး/ဥများ ဘင်းကင်းလုံခြုံသော အစာအစာဖြစ်စေရေး GAqP စနစ်အား အထူးအလေးလိုက်နာဆောင်ရွက်ရန်၊ တိရစ္ဆာန်အစားအစာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးရန်နှင့် ငါးကန်ဘောင်တစ်လျောက် စီးပွားဖြစ်စားသုံးသီးနှံပင်များ စိုက်ပျိုးရန် လမ်းညွှန်မှာ ကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကဝမြို့အဝင်၊ ပဲခူးမြစ်ကူး တံတားကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ဘေးတစ်လျောက် ရေကြီးနစ်မြှုပ်ခဲ့သည် လယ်မြေများတွင် အမြန်ဆုံး ရေပြန်လည်ကျဆင်းနိုင်ရေး ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးရန်နှင့် ရေကြီးမှုကြောင့် ထိခိုက်/ပျက်စီးခဲ့သည့် မိုးစပါးများ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေး သက်တမ်းတိုပြီး အထွက်နှုန်းကောင်း သော စပါးမျိုးများ ကြိုတင်ပျိုးထောင်ထားရှိရန်နှင့် မကြာမီရောက်ရှိလာမည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်အရ မှာယူထားပြီးဖြစ်သည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးကြိုတင် ပြင်ဆင်ထားရန်နှင့် မြစ်ကမ်းဘေးအနီး ကိုင်းတောများအား ရှင်းလင်း၍ အကျိုးရှိရှိ ရာသီသီးနှံစိုက်ပျိုးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး အစည်းအဝေးခန်းမ၌ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေး နေမှုနှင့် မြို့ပြ/ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်း တင်ပြပေးရန် ပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌက ကဝမြို့နယ်အတွင်း ရေကြီးနစ်မြှုပ်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်/ပျက်စီးခဲ့မှုအပေါ် ပြန်လည်အစားထိုး စိုက်ပျိုး နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ တက်ရောက်လာသည့် ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

             ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ ဝဲပတန်ချောင်းနှင့် သံဒင်းချောင်းဆုံရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြီးနစ်မြှုပ်မှု လျော့နည်းသက်သာစေရေး ချောင်းရိုးများ ပြန်လည်တူးဖော်ခြင်းအပြင် နွေစပါးစိုက်ပျိုးရေရရှိရေး ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ ဇာဘာကျေးရွာ၌ ရေကြီးနစ်မြှုပ်ခဲ့သည် မိုးစပါးခင်း များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ကဝမြို့နယ်တွင် မိုးစပါးစုစုပေါင်း(၁၈၄၃၆၅)ဧက စိုက်ပျိုးခဲ့ပြီး ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးစပါးဧက(၂၀၆၈၃)ဧက ရေကြီးနစ်မြှုပ်ခဲ့ပြီး ဩဂုတ်လ(၁၇)ရက်နေ့အထိ ရေပြန်ပေါ် ဧက(၁၃၇၇၃)ဧက၊ ထိခိုက်ဧက(၈၅၆)ဧကနှင့် ပျက်စီးဧက(၅၆၀)ဧကရှိပြီး ရေလွှမ်းဧက(၆၉၁၀)ဧက ကျန်ရှိ ကြောင်း သတင်းရရှိသည်။